ကြားဖြတ်ရွေးကောက်ပွဲကြောင့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲ အပြောင်းအလဲ မရှိနိုင်ဟုဆို
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲကို စည်ပင်ဥပဒေအတည်ပြုပြီးနောက် ပြုလုပ်မည်ဖြစ်ပြီးကြားဖြတ် ရွေးကောက်ပွဲကြောင့် အပြောင်းအလဲရှိနိုင်မည် မဟုတ်ကြောင်း ရန်ကုန်စည်ပင် တွဲဖက် အတွင်းရေးမှူးဦးသန်းက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို တိုင်းဒေသကြီး လွှတ်တော်တွင် ဖေဖော်ဝါရီက တင်ပြထားပြီး လွှတ်တော်၌ ဆွေးနွေးအတည်ပြုပြီးပါက ယခုနှစ်အတွင်း ပင်စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုးကပြောကြားထားသည်။
သို့သော် ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ်နိုဝင်ဘာ ၃ ရက်တွင် ပြုလုပ်မည်ဟုပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့ရာ ယင်းရွေးကောက်ပွဲကြောင့် စည်ပင်သာယာ ရွေးကောက်ပွဲ ပြုလုပ်မည့်အပေါ် အပြောင်းအလဲမရှိနိုင်ဟု ဦးသန်းကမှတ်ချက်ပြုသည်။
‘‘ကြားဖြတ်ရွေးကောက်ပွဲကသက်သက်၊ စည်ပင်ရွေးကောက်ပွဲကသက်သက်ဆိုတော့ ပြဿနာမရှိပါဘူး။ ဥပဒေအတည်ပြုဖို့ တစ်ချက်ပဲစောင့်နေတာ၊ လုပ်တာကလုပ်မှာပါ။ ဥပဒေအတည် မဖြစ်သေးတော့ အသေးစိတ် အခြေအနေကိုမပြောနိုင်သေးဘူး’’ ဟု၎င်းကပြောသည်။ ရန်ကုန်၌ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူ့ လွှတ်တော် အတွက် တာမွေမြို့နယ်မှ တစ်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် အတွက် ဆိပ်ကမ်းမြို့နယ်မဲဆန္ဒ နယ်အမှတ် (၂)မှတစ်နေရာလစ် လပ်နေပြီး ယင်းမြို့နယ်နှစ်ခု၌ပြု လုပ်မည်ဖြစ်သည်။
ရန်ကုန် မြို့တော်စည်ပင်သာယာရေး ဥပဒေကြမ်းကို လွှတ်တော်သို့တင်ပြထားပြီး ဆွေးနွေးအတည်ပြုမည့် အချိန်ကိုမူလွှတ် တော်ကကြေညာခြင်း မရှိသေးပေ။ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲကို ၂၀၁၄ ကပြုလုပ်ပြီးအစိုးရသစ်တာဝန်ယူပြီး၂၀၁၆ တွင် အစိုးရက ကော်မတီဝင်များတာဝန်ပြီးဆုံးကြောင်း ကြေ ညာကာအနားပေးခဲ့သည်။
နောက်တစ်ကြိမ်စည်ပင် ရွေးကောက်ပွဲကို ယခုထိမပြုလုပ်သေးဘဲ စည်ပင်ဥပဒေအသစ် အတည်ပြုပြီးမှသာ ယင်းရွေး ကောက်ပွဲပြုလုပ်ရန် တိုင်းအစိုးရ က စီစဉ်ထားသည်။