လက်နက်ကိုင်ငါးဖွဲ့ NCA တွင် ပါဝင်လာရေး အလွတ်သဘောနှင့် တရားဝင်ဆွေးနွေးပွဲများပြုလုပ်ကြိုးပမ်းနေဟု နိုင်ငံတော်အတိုင်ပင်ခံရုံးထုတ်ပြန်

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ငါးဖွဲ့ပါဝင်လက်မှတ်ရေးထိုးရေး အလွတ်သဘောနှင့် တရားဝင်ဆွေးနွေးပွဲ များပြုလုပ်၍ ကြိုးပမ်းနေကြောင်း အစိုးရသစ် ၂ နှစ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ ထုတ်ပြန်ရာတွင် ဖော်ပြခဲ့သည်။

ကရင်နီအမျိုးသားတိုးတက် ရေးပါတီ (KNPP) နှင့် NCA လက်မှတ်ထိုးနိုင်ရေးကြိုးပမ်းဆောင်ရွက်နေပြီး ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) ၊ မိုင်းလားလက် နက်ကိုင်အဖွဲ့ (NDAA) ၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) အဖွဲ့များနှင့်လည်း အလွတ်သဘောတွေ့ဆုံမှုများဆောင်ရွက်နေသည်ဟု ၀န်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။

ငြိမ်းချမ်းရေးကော်မရှင်အ နေဖြင့် ရှမ်းပြည်တိုးတက်ရေးပါ တီ (SSPP) နှင့် တရားဝင်ဆွေးနွေးမှုများပြုလုပ်ပြီး  နိုင်ငံရေးစားပွဲဝိုင်းပေါ်ရောက်ရှိလာအောင် ကြိုးပမ်းနေသည်ဟု ဖော်ပြထားသည်။ အစိုးရ၏ အဓိကရည်ရွယ် ချက်သည် နိုင်ငံရေးဆွေးနွေးမှု များဖြစ်ပေါ်လာစေရန်၊ ပစ်ခတ် တိုက်ခိုက်မှုများရပ်စဲနိုင်ရေး NCA ထီးရိပ်အောက် တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါနိုင်သမျှ ပါဝင်လာစေရန်၊ ငြိမ်းချမ်းရေးညီလာခံ စားပွဲဝိုင်း ပေါ်သို့ပါဝင်သင့်သူ အားလုံးရောက်ရှိလာစေရန် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများဆောင်ရွက်နေပြီး အလွတ်သဘော တွေ့ဆုံမှုများ၊ တရားဝင်ဆွေးနွေးညှိနှိုင်းမှုများ အလေးပေးဆောင်ရွက်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက ထုတ်ပြန်သည်။

ငြိမ်းချမ်းရေးကော်မရှင်အ နေဖြင့် NCA လက်မှတ်ထိုးအဖွဲ့များတိုးလာရေးဆွေးနွေးညှိနှိုင်းနေရာ ဧပြီကုန်ပိုင်းတွင် KNPP နှင့် လွိုင်ကော်မြို့၌ တရားဝင်ဆွေးနွေးပြီး မေလဆန်းတွင် SSPP နှင့် အလွတ်သဘောဆွေးနွေးခဲ့သည်။  SSPP အနေဖြင့် NCA ကို လက်ခံသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးပါဝင် ရေးမူကို ကိုင်စွဲထားသည်ဟု SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူး စိုင်းဖုန်းဟန်က ဆိုသည်။

SSPP သည် ‘၀’အဖွဲ့ (UWSA) ၊ ကချင်အဖွဲ့ (KIA) ၊ မိုင်းလားအဖွဲ့ (NDAA) ၊ တအာင်း အဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့ နှင့် မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ဟု စုဖွဲ့ကာ နိုင်ငံရေးမဟာမိတ် ပြုလုပ်ထားသည်။ မြောက်ပိုင်းခုနစ်ဖွဲ့အနက် TNLA ၊ MNDAA နှင့် AA တို့ကို တပ်မတော်က လက်ခံတွေ့ဆုံ ဆွေးနွေးရန် အသိအမှတ်မပြုသေးပေ။