မက်ဒရစ်အိုးပင်းတွင် အနိုင်ရခြင်းက ယုံကြည်မှုမြင့်တက်စေကြောင်း ဂျိုကိုဗစ် ပြောကြား

မက်ဒရစ်အိုးပင်း ပထမအဆင့်တွင် ဂျပန်တင်းနစ် ကစားသမား နီရှီကိုရီကို အနိုင် ရခဲ့ခြင်းက လက်ရည်ဆက်တိုက် ဆိုးရွားပြီးနောက် ယုံကြည်မှု ပြန် လည်ရရေး လုံးဝလိုအပ်နေသည့် အရာဖြစ်ကြောင်း ဆားဘီးယား တင်းနစ် အကျော်အမော် ဂျိုကိုဗစ် က ပြောသည်။

ကမ္ဘာ့အဆင့် (၁) တင်းနစ် ကစားသမားဟောင်း ဂျိုကိုဗစ် (၃၀)နှစ်သည် ဇန်နဝါရီက တံတောင်ခွဲစိတ်မှု ခံယူရပြီး နောက် ပြိုင်ပွဲငါးရပ်တွင် ကွာ တားဖိုင်နယ်အဆင့်သို့ပင် တက် ရောက်နိုင်ခြင်းမရှိခဲ့ပေ။

သို့သော် ဂျိုကိုဗစ်သည် နီရှီ ကိုရီကို အထင်ကြီးလောက်ဖွယ် ၇-၅၊ ၆-၄ ဖြင့် အနိုင်ရခဲ့ပြီး ဒုတိယအဆင့်တွင် ဗြိတိန် နံပါတ်(၁) ကိုင်လီအက်ဒ်မန်နှင့် တွေ့ဆုံ နိုင်ခြေရှိသည်။

‘‘ဒီနိုင်ပွဲက ကျွန်တော့် ယုံကြည်မှုအတွက် အတိအကျ လိုအပ်နေတဲ့အရာပါ’’ဟု ဂျိုကိုဗစ် က ပြောသည်။

ခွဲစိတ်မှုအပြီး နှစ်လအကြာတွင် တင်းနစ်ကွင်းအတွင်းသို့ အချိန်မကျသေးမီ ပြန်လည်ခြေချခြင်းဖြင့် ယုံကြည်မှုကို ပြန်လည် တည်ဆောက်နိုင်ခဲ့ကြောင်း ဂရင်းဆလမ် (၁၂)ကြိမ် ချန်ပီယံနှင့် လက်ရှိ ကမ္ဘာ့အဆင့် (၁၂) တွင် ရပ်တည်နေသူ ဂျိုကိုဗစ်က ယခုလဆန်းက ပြောကြားထားသည်။

‘‘ဒီလိုမျိုးပွဲတွေကို ကျွန်တော်စောင့်စားခဲ့ပြီး အနိုင်ယူဖို့ အားခဲ ခဲ့တာပါ။ လွန်ခဲ့တဲ့နှစ်လကထက် တင်းနစ်ကွင်းထဲမှာ ကျွန်တော့်ရဲ့ အခြေအနေက ပိုကောင်းလာ တယ်လို့ ခံစားမိပါတယ်’’ဟု ဧပြီ က နည်းပြအက်ဂါစီနှင့် လမ်းခွဲခဲ့သူ ဂျိုကိုဗစ်က ပြောသည်။

ယခုနိုင်ပွဲသည် ပြီးခဲ့သည့်နှစ် ဇွန်လက အေ့စ်ဘုန်း၌ ဂါရေးလ်မွန်ဖီးလ်စ်ကို အနိုင်ယူပြီးနောက် ကမ္ဘာ့အဆင့် ထိပ်တန်း ၂၀ စာရင်းဝင် ကစားသမားတစ်ဦးကို ပထမဆုံး အနိုင်ရခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက မွန်တီကာ လိုမာစတာပြိုင်ပွဲ ဗိုလ်လုပွဲ၌ ကမ္ဘာ့နံပါတ် (၁) ရာဖေးလ်နာ ဒယ်လ်ကို ရှုံးနိမ့်ခဲ့သူ နီရှီကိုရီသည် လက်ရှိတွင် ကမ္ဘာ့အဆင့် (၂၀) ၌ ရပ်တည်နေသည်။

—Ref: BBC