ပိတ်မယ်လို့ ပြောတဲ့ မြောက်ကိုရီးယား အနုမြူ စခန်းဟာ ပေါက်ကွဲ ပြိုကျပြီးလို့ တရုတ်ပြော

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပိတ်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောတဲ့ ပွန်ဂျယ်ရီ မြေအောက် အနုမြူ သုတေသနစခန်းဟာ ပေါက်ကွဲ ပြိုကျသွားပြီးဖြစ်တယ်လို့ USTC ခေါ် တရုတ် ထိပ်တန်း သိပ္ပံတက္ကသိုလ်ကြီးက အရင်လက ဖေါ်ပြထားတဲ့နေရာဖြစ်ကြောင်း ဂျပန်သတင်းစာ နိကိုင်အိ က ရေးသားလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုတွေကို မပြတ်စောင့်ကြည့်လေ့လာနေတဲ့ အဲဒီ တရုတ်တက္ကသိုလ်က ပညာရှင်တွေက ဧပြီလ ၂၃ ရက်နေ့က ဖေါ်ပြရာမှာ ပွန်ဂျယ်ရီ မြေအောက်အနုမြူ သုတေသနစခန်းဟာ သုံးမရလောက်အောင်ကို ပြိုကျသွားတာ ဖြစ်ကြောင်း၊ ၂၀၁၇ ခု စက်တင်ဘာလက မြောက်ကိုရီးယားရဲ့ အကြီးဆုံး ဒုံးပျံ စမ်းသပ်မှု ပြုလုပ်တာကို သူတို့ လေ့လာခဲ့ချိန်က မြေအောက်တိုင်းထွာချက်တွေအရ ဒုံးပျံ လွှတ်ပြီး ၈ မိနစ်ခွဲအကြာမှာ မြေအောက်စခန်းကြီး ပြိုကျသွားတာဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

ဧပြီလ ၂၇ ရက်နေ့က တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ တွေ့ဆုံတဲ့အခါမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က တရုတ်ပညာရှင်တွေ ပြောတာ မမှန်ကန်ဘူး။ အဲဒီ သုတေသနစခန်းကြီးကို မေလကုန်မှာ ပိတ်မှာပါလို့ ပြောကြားခဲ့ပါတယ်။

ထူးခြားတာကတော့ တရုတ် သိပ္ပံ တက္ကသိုလ်ရဲ့ အင်တာနက် ဝက်ဘ်စာမျက်နှာမှာ ဖေါ်ပြထားချက်ဟာ အခု မရှိတော့ဘူး ဖျက်သွားပြီလို့ နိကိုင်အိ ရှင်ဘွန်း သတင်းစာကြီး က ရေးသားလိုက်ပါတယ်။

-Ref; RFA