အာရှရိုးရာ နဂါးလှေ ချန်ပီယံရှစ် ပြိုင်ပွဲ မီတာ ၂ဝဝ ပွဲစဉ် တွင် မြန်မာ လှေလှော် အသင်း ဗိုလ်စွဲ

တရုတ် (တိုင်ပေ) ၌ ကျင်းပလျက်ရှိသော၂ဝ၁၈ အာရှရိုးရာ နဂါးလှေ ချန်ပီယံရှစ် ပြိုင်ပွဲ၏ အိုးပင်းပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီး အရော မီတာ ၂ဝဝ ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် ရိုးရာလှေလှော်အသင်းသည် ပထမ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ယခု ပြိုင်ပွဲသည် ဥရောပအသင်းများနှင့် အာရှအသင်းများ ပါဝင်ယှဉ်ပြိုင်ရသော ပြိုင်ပွဲ ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် လှေလှော်အသင်းသည် ယင်းပြိုင်ပွဲ၏ မီတာ၂ဝဝ ပွဲစဉ်တွင် ပထမ ရွှေတံဆိပ်ဆုကို ဆွတ်ခူး ရရှိခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်နှင့် အိမ်ရှင် တရုတ် (တိုင်ပေ) အသင်း တို့ကို ကျော်ဖြတ်ကာ ယင်းဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ဒုတိယဆုကို ဖိလစ်ပိုင်အသင်းက လည်းကောင်း၊ တတိယဆုကို အိမ်ရှင် တရုတ် (တိုင်ပေ) အသင်းက လည်းကောင်း အသီးသီး ဆွတ်ခူး ရရှိခဲ့ကြောင်း၊ အာရှရိုးရာ နဂါးလှေ ချန်ပီယံရှစ် ပြိုင်ပွဲကို တရုတ် (တိုင်ပေ) ၌ ယနေ့မှ စ၍ မေ ၈ ရက် အထိ ကျင်းပလျက် ရှိကြောင်း သိရသည်။

(မြ၀တီ)