မန်ယူနည်းပြဟောင်းဖာဂူဆန် ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်မှုခံယူ

မန်ယူသမိုင်း၌ အအောင်မြင်ဆုံးနည်းပြအဖြစ် ရပ်တည်နေသော နည်းပြဟောင်း ဖာဂူဆန်သည် ဦးနှောက်သွေး ယိုစိမ့်မှု ကြောင့် မေလ ၅ ရက်က အရေးပေါ်ခွဲစိတ်မှု ခံယူခဲ့ရကြောင်း မန် ယူအသင်းကပြောသည်။

‘‘ခွဲစိတ်တာက တော်တော် လေး အဆင်ပြေချောမွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ပြီးသက်သာလာစေဖို့ အတွင်းလူနာ အဖြစ် အနီးကပ်စောင့်ကြပ် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အများကိုမပြောဖို့ သူ့ရဲ့မိသားစုက မေတ္တာရပ်ခံထားပါတယ်’’ ဟု မန်ယူအသင်းက ပြောသည်။

ဆေးရုံ၌ ဖာဂူဆန် မကျန်းမမာဖြစ်နေသည်ဆိုသော သတင်းကြားရသည်မှာ ဝမ်းနည်းပက်လက်ဖြစ်ရကြောင်း၊ မိသားစုနှင့်အတူ ထပ်တူရှိနေကြောင်းနှင့် ဖာဂူဆန် ပြန်လည်ကျန်းမာပါစေကြောင်း မန်ယူအသင်းခေါင်းဆောင် မိုက်ကယ်ကာရစ်က တွစ်တာ၌ ရေးသားသည်။

 ဖာဂူဆန် (၇၆) နှစ်သည် ၁၉၈၆ မှ ၂၀၁၃ အထိ ၂၆ နှစ်အတွင်း မန်ယူအတွက် ဆုဖလား၃၈လုံး ရရှိအောင် လမ်းညွှန်ပေးခဲ့ပြီး အဓိကဆုဖလားများအဖြစ် ချန်ပီယံလိဂ်ဖလားနှစ်ကြိမ်၊ ပရီးမီးယားလိဂ်ဖလား (၁၃)ကြိမ်နှင့် အက်ဖ်အေဖလားငါးကြိမ် ဆွတ်ခူးခဲ့သည်။

၁၉၉၉ က တစ်ရာသီအတွင်း ဖလားသုံးလုံး (ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နှင့် အက်ဖ်အေဖလား) ရရှိအောင် ဦးဆောင်နိုင်သဖြင့် ယင်းနှစ်က သူကောင်းပြုခံရသူ ဖာဂူဆန်သည် နည်းပြဘဝ အောင်မြင်မှုကို မိခင် စကော့တလန်နိုင်ငံရှိ အဘာဒင်းနှင့် စတင်ရရှိခဲ့ပြီး ၂၀၁၃ တွင် နည်းပြဘဝမှ အနားယူခဲ့သည်။

 သို့သော် ဖာဂူဆန်သည် လက်ရှိအထိ မန်ယူအသင်း ပွဲစဉ်များသို့ လာရောက်ကြည့်ရှု အားပေးနေသည်။   

 

—Ref: Reuters