ကာမိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ဖွင့်လှစ်သည့် အိမ်တွင်းလက်မှုပညာသင်တန်းဆင်း

ဖားကန့်၊ မေ ၆       

ဖားကန့်မြို့နယ် ကာမိုင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ သင်တန်းကာလ သုံးရက်ကြာဖွင့်လှစ်ခဲ့ သည့် အိမ်တွင်းလက်မှုပညာသင်တန်း အမှတ်စဉ် (၂/၂ဝ၁၈) ဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက အဆိုပါရုံး၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲသို့ ကာမိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်၊ မြို့နယ် ပါတီကော်မတီဝင်နယ်မြေတာဝန်ခံ ဦးကျော်မျိုးဦးနှင့် အရန်ကော်မတီဝင် ဦးနော်ဂျာ၊ ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။ သင်တန်းဆင်းပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်က အမှာစကားပြောကြားပြီး သင်တန်းသူများပြုလုပ်ထားသည့် အိမ်တွင်း လက်မှုပစ္စည်းများကို ကြည့်ရှုအားပေးကာ အမှတ်တရဓာတ်ပုံများ စုပေါင်းရိုက်ကြသည်။

”ဒီသင်တန်းကိုမူလက သင်တန်းသူ ၂ဝ တက်ရောက်ဖို့ စီစဉ်ခဲ့ပေမယ့် စိတ်ပါဝင်စားသူ အမျိုးသမီးသုံးဦး ထပ်တိုးလာလို့ သင်တန်းသူ ၂၃ ဦး ဖြစ်သွားပါတယ်။ ပါတီဝင်တွေ ပါတီလိုလားသူတွေနဲ့ ဒေသခံပြည်သူတွေ အတွက် အိမ်တွင်းလက်မှုပညာသင်တန်းတွေ မြို့နယ်အတွင်း တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ ကြိုးစားဆောင်ရွက်ပါ့မယ်”ဟု မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်က ပြောသည်။

ဝင်းအောင်(မိုးကောင်း)