Goal.com (Thai) မှ ရွေးချယ်သည့် ဧပြီလ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ အောင်သူ

ပူလစ်တယ်ရိုအသင်းမှာ အငှားသွားရောက်ကစားနေတဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ ထိုင်းနိုင်ငံ အခြေစိုက် Goal.com က ရွေးချယ်တဲ့ ထိုင်းပရီးမီးယားလိဂ်ရဲ့ ဧပြီလအတွက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တယ်လို့ သိရှိရပါတယ်။ အသက် (၂၂) နှစ် အရွယ်ရှိ တိုက်စစ်မှူး အောင်သူဟာ ဒီဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပြီးတော့ အချိန်တိုအတွင်းမှာပဲ ထိုင်းလိဂ်မှာ ခြေစွမ်းပြပြီး အောင်မြင်လာတဲ့ ကစားသမား ဖြစ်လာတယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။

ဆိုရှယ်နက်ဝပ်တွေပေါ်မှာလည်း အောင်သူဟာ ပေါ်ပြူလာဖြစ်လာခဲ့ပြီးတော့ ဂျာစီရောင်းချရမှု၊ သူ့ကိုအားပေးတဲ့ ပရိသတ်အရေအတွက် အစရှိတာတွေဟာ မယုံကြည်နိုင်စရာေ ကာင်းလောက်အောင် တိုးပွားလာတယ်လို့လည်း Goal.com က ဖော်ပြခဲ့ပါတယ်။ ဧပြီလအတွင်းမှာ အောင်သူဟာ အသင်းအတွက် စုစုပေါင်းသွင်းဂိုး (၅)ဂိုးအထိ ရယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုအဖြစ် (၂) ကြိမ်ပြုလုပ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ပွဲစဉ်အလိုက် အကောင်းဆုံးဆုကိုလည်း အောင်သူဟာ (၄)ကြိမ်အထိ ရရှိခဲ့ပြီးတော့ ပူးလစ်တယ်ရိုအတွက် စုစုပေါင်း လိဂ်ပွဲ (၁၃)ပွဲမှာ (၇) ဂိုးအထိ သွင်းယူပေးထားတာလည်း ဖြစ်ပါတယ်။ ပူလစ်တယ်ရိုအသင်းရဲ့ ဒီရာသီ ထိုင်းလိဂ်ရပ်တည်မှုမှာ အောင်သူရဲ့ အခန်းကဏ္ဍက အဓိကပါဝင်နေပြီးတော့ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသနေခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒီဆုကို ဆွတ်ခူးရရှိခဲ့မှုအပေါ်မှာ Police Tero အသင်းနဲ့ အောင်သူတို့အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်းလည်း Goal က ရေးသား ဖော်ပြခဲ့ပါတယ်။ ဒီဆုကို ပေးအပ်ချီးမြှင့်တဲ့အခါမှာ အဖွဲ့အစည်းများထံမှ ရရှိတဲ့ ကစားသမားရဲ့ စွမ်းဆောင်ရည်ပိုင်းများအပေါ်မှာ ထည့်သွင်း တွက်ချက်ထားမှု မရှိပဲနဲ့ ထိုင်းလိဂ်မှ ကစားသမားများရဲ့ လအလိုက် သွင်းဂိုးများအပေါ်မှာ အခြေခံပြီးတော့ ရွေးချယ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဧပြီလအတွက် အကောင်းဆုံးကစားသမားဆုကိုတော့ Police Tero အသင်းရဲ့ လာမယ့်ပွဲစဉ်မှာ အောင်သူကို ပေးအပ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ Police Tero ကတော့ မေလ (၅) ရက်နေ့မှာ Air Force Central  အသင်းနဲ့  ထိုင်းလိဂ်ပွဲစဉ် (၁၄) အဖြစ် အဝေးကွင်းပွဲစဉ် ကစားရမယ်လို့ သိရပါတယ်။

Source : goal.com/th