မြန်မာယူ-၂၁အသင်း အကြိုဗိုလ်လုပွဲတက်ပါက ရုပ်သံမှ တိုက်ရိုက်ပြသရန် အဖွဲ့ချုပ်ကြိုးပမ်း

ယူ-၂၁ ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာနှင့် ထိုင်းအသင်းယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − FA Thailand)

 

ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာယူ-၂၁အသင်း အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ပါက ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ရန်  ကြိုးပမ်းနေကြောင်း ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက် က ပြောသည်။

Hassanal Bolkiah Trophy ဘရူနိုင်းဘုရင့်ဖလားဖိတ်ခေါ်ပြိုင်ပွဲကို ဧပြီ ၂၃ မှ မေလ ၄ ရက်အထိ ဘရူနိုင်းနိုင်ငံ ဘန်ဒါဆာရီဘာဂါဝမ်မြို့၌ ကျင်းပနေပြီး မြန်မာယူ-၂၁အသင်းသည် အုပ်စု(က)တွင်အိမ်ရှင်ဘရူနိုင်း၊ ထိုင်း၊ တီမောအသင်းတို့နှင့်အတူ ကျရောက်နေသည်။

ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ်ပြိုင်ပွဲဝင် မြန်မာယူ-၂၁ အသင်း၏ အုပ်စုအဆင့်ပွဲစဉ်များကို ရုပ်သံမှ တိုက်ရိုက် ပြသရန် စီစဉ်ခဲ့သော်လည်း ရုပ်သံထုတ်လွှင့် စရိတ်မြင့်မားသဖြင့် မပြသနိုင်ကြောင်း ဦးဇော်မင်းထိုက် က ပြောသည်။

‘‘ရုပ်သံထုတ်လွှင့်စရိတ်က တစ်ပွဲကို ကျပ်သိန်း ၁၀၀ ကျော် ပေးရတယ်။ ဒါကြောင့် ထုတ်လွှင့်စရိတ်ဈေးကြီးလို့  မပြနိုင်တာပါ။ ဒါပေမဲ့ မြန်မာအသင်းရဲ့ ထိုင်းနဲ့ပွဲအပြီးမှာ ခြေစွမ်းပိုင်းကို ပရိသတ်တွေ သဘောကျတာ တွေ့ရတယ်။ ပရိသတ်တော် တော်များများကလည်း ပြသဖို့ တောင်းဆိုတာ တွေ့ရတဲ့အတွက် ဆီမီးအဆင့် တက်တာနဲ့ ရုပ်သံကနေ ပြသဖို့တော့ ကြိုးပမ်းနေပါတယ်။ ပြဖြစ်မယ်ဆိုရင် တစ်နိုင်ငံလုံးကြည့်လို့ရအောင် အခမဲ့ ရုပ်သံလိုင်းဖြစ်တဲ့ မြန်မာ့ရုပ်မြင်သံကြား (MRTV)ကနေပဲ ပြသသွားမှာပါ’’ဟု ၎င်းက ပြောသည်။

မြန်မာယူ-၂၁ အသင်းသည် ဧပြီ ၂၄ ရက်က ယှဉ်ပြိုင်သည့် အုပ်စုအဖွင့်ပွဲတွင် ထိုင်းအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။ အုပ်စုတွင်း အခြားပွဲတွင် တီမောအသင်းက အိမ်ရှင်ဘရူ နိုင်းအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရထားသည်။

မြန်မာယူ-၂၁ အသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဧပြီ ၂၇ ရက် (ယနေ့)တွင် တီမောအသင်းနှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၂၀၁၈ ဘရူနိုင်းဘုရင့်ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပထမပွဲအပြီးတွင် နိုင်ပွဲရရှိထားသည့် တီမောအသင်း က ရမှတ်သုံးမှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌  ဦးဆောင်နေသည်။ မြန်မာနှင့် ထိုင်းအသင်းက ရမှတ်တစ်မှတ်စီ ရရှိထားသည်။

7Days