ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း မော်စကိုမြို့တွင် အရက်သေစာရောင်းချခြင်း မပြုရန် ပိတ်ပင်

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ရုရှားနိုင်ငံ၏ မြို့တော် မော်စကိုမြို့တွင် အရက်သေစာရောင်းချခြင်းမပြုရန် အာဏာပိုင်များက ပိတ်ပင်တားမြစ်မှုပြုလုပ် ထားသည်ဟု ဆိုသည်။

အရက်သေစာဝယ်ယူလိုသူများအနေဖြင့် ဘောလုံးကွင်းများနှင့် သတ်မှတ်ထားသည့် ပရိသတ်စုဝေးရာဇုန်များတွင် သာ ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ပရိသတ်အချင်းချင်း ရန်ပြုတိုက်ခိုက်မှုများကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ရုရှားနိုင်ငံအာဏာပိုင်များသည် ဘောလုံးပွဲများ ယှဉ်ပြိုင်ကစားသည့်နေ့များနှင့် ပွဲမတိုင်မီနေ့များတွင် အခြားနေရာများ၌ အရက်သေစာရောင်းချမှုပမာဏကိုလည်း ကန့်သတ်သွားမည်ဖြစ်သည်။

အရက်သေစာ ရောင်းချမှုနှင့် ပတ်သက်သည့် ပိတ်ပင်တားမြစ်မှုသည် အရက်ဆိုင်များ၊ စားသောက်ဆိုင်များ၊ စူပါမားကပ်များ၊ လိုင်စင်မဲ့ အရက်ရောင်းချသည့်နေရာများ အားလုံးနှင့် သက်ဆိုင်အကြုံးဝင်သည်ဟုဆိုသည်။

ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့သော ယူရို ၂၀၁၆ ပြိုင်ပွဲအတွင်း ရုရှားပရိသတ်များနှင့် အင်္ဂလန်ပရိသတ်များ ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ကာ အများအပြား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ရုရှားနိုင်ငံသို့ လာရောက်မည့် အင်္ဂလန်ပရိသတ်များအား တိုက်ခိုက်မှုများ ပြုလုပ်သွားရန် ရုရှားနှင့် အာဂျင်တီးနားနိုင်ငံများမှ လူရမ်းကား ဂိုဏ်းများက စီစဉ်မှုများ ပြုလုပ်နေသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

မော်စကိုမြို့ရှိ ဘောလုံးကွင်းနှစ်ကွင်းတွင် ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များအနက် အုပ်စုပွဲ (၈) ပွဲ၊ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲ (၂)ပွဲ၊ ဆီမီးဖိုင်နယ်ပွဲ (၁) ပွဲနှင့် ဗိုလ်လုပွဲတို့ကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အုပ်စု(G)တွင် ပါဝင်နေသည့် အင်္ဂလန်အသင်းသည် အုပ်စုပွဲများအား မော်စကိုရှိ ကွင်းများတွင် ကစားရမည် မဟုတ်သော်လည်း အုပ်စုဒုတိယနေရာ ရရှိခဲ့ပါက ၁၆ သင်း ရှုံးထွက်အဆင့်တွင် အုပ်စု(H)၏ အုပ်စုဗိုလ်အသင်း နှင့် မော်စကိုမြို့ရှိ Otkitie Arena ကွင်းတွင် ရင်ဆိုင်ရမည်ဖြစ်သည်။ 

-Ref; Daily Mail