ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြိုလူငယ်တွေ့ဆုံပွဲတက်ရောက်

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက လူငယ်ညီလာခံအကြိုလူငယ်တွေ့ဆုံပွဲကို အစီအစဉ်ခုနစ်ရပ်ဖြင့် ကျင်းပခဲ့ရာ နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့သည်။
အစီအစဉ်အရ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးသာဝင်းက လူငယ်ညီလာခံအကြိုလူငယ် တွေ့ဆုံပွဲများကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်္ဃန်းကျွန်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်မြတ်ဇော်က လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲ ကျင်းပရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် အစီအစဉ်အရ မျိုးဆက်သစ်လူငယ်တစ်ဦးက လူငယ်နှင့်နိုင်ငံရေး ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြား ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ညီလာခံတက်ရောက်မည့် လူငယ် ခုနစ်ဦး၏ အမည်စာရင်းကို အရှေ့ ပိုင်းခရိုင်ပါတီကော်မတီဝင် ဦးမျိုးဝင်းကျော် က ဖတ်ကြားတင်ပြပြီး အခမ်းအနားတက်ရောက်လာကြသူများ၏ အတည်ပြုချက်ကို ရယူကာ ဗဟိုလူငယ်ညီလာခံတက်ရောက်မည့် သင်္ဃန်းကျွန်းမြို့နယ် ပါတီလူငယ်ရေးရာတာဝန်ခံ ဒေါ်မြင့် မြင့်ဌေးကို ကန့်ကွက်သူမရှိ အတည်ပြုရွေးချယ်ခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားအစီအစဉ်ကို နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် ”တို့ပြည်ခိုင်ဖြိုးလူငယ်သီချင်းဖြင့် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် ပါတီ ကော်မတီဝင်များက အခမ်းအနား တက်ရောက်လာသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ အတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းပါတီကော်မတီဝင်များဖြစ်ကြသော ဒေါ်စန်းစန်းဝင်း၊ ဦးကျော်စိုး၊ ဒေါ်အေးအေးမြင့်၊ ဦးနိုင်အောင်၊ ဦးမျိုးဝင်းကျော်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

  • ကြည်သိန်း(သင်္ဃန်းကျွန်း)