ဖေ့စ်ဘွတ်ခ်အကြီးအကဲ ဇူကာဘက် အမေရိကန်လွှတ်တော်အမတ်များနှင့် တွေ့မည်

နိုင်ငံရေး အတိုင်ပင်ခံ အဖွဲ့တစ်ဖွဲ့က ဖေ့စ်ဘွတ်ခ်အသုံး ပြုသူများ၏ အချက်အလက်များ အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍ အမေရိကန်လွှတ်တော် ကြားနာမှုတွင် ထွက်ဆိုချက်မပေးမီ တစ်ရက်၌ ဖေ့စ်ဘွတ်ခ်စီအီးအိုမာ့ခ် ဇူကာဘက်က ကန်လွှတ်တော် အမတ်အချို့နှင့် တွေ့ဆုံဆွေးနွေးမည်ဟု လွှတ်တော်အရာရှိနှစ်ဦး က ပြောသည်။

ယင်းတွေ့ဆုံမှုသည် ဧပြီ ၉ ရက် ညနေအထိ ကြာမြင့်မည်ဟု မျှော်လင့်ရပြီး ဇူကာဘက် ထွက်ဆိုချက်ပေးရမည့် ကော်မတီများမှ အမတ်အချို့လည်း တွေ့ဆုံမှုတွင် ပါဝင်မည်ဟု လူသိရှင်ကြား ကြေညာမထားသော တွေ့ဆုံမှု အကြောင်း အမည်မဖော်လိုသော လွှတ်တော်အရာရှိများက ပြောသည်။ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကလည်း ယင်းကိစ္စအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ဇူကာဘက်သည် အမေရိကန် အထက်လွှတ်တော် တရားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကော်မတီများ ရှေ့မှောက်၌ ဧပြီ ၁၀ ရက် ထွက်ဆိုချက်ပေးကာ ဧပြီ ၁၁ ရက်တွင် အောက်လွှတ်တော် စွမ်းအင်နှင့် ကူးသန်းရောင်းဝယ်ရေးကော်မတီများ ရှေ့ မှောက်၌ ထွက်ဆိုချက်ပေးရန် စီစဉ်ထားသည်။

အမေရိကန်နိုင်ငံသား အများစုပါဝင်သော ဖေ့စ်ဘွတ်ခ် အသုံးပြုသူ ၈၇ သန်း၏ အချက်အလက်များကို နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့ Cambridge Analyticaထံသို့ မလျော်ကန်သော နည်းလမ်းဖြင့် မျှဝေခဲ့ဖွယ်ရှိသည်ဟု ဖွင့်ဟ ပြောကြားပြီးနောက် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီသည် ပြစ်တင်ဝေဖန်ခံနေရသည်။

ထိခိုက်ခဲ့သော အသုံးပြုသူ များသို့ ဧပြီ ၉ ရက်တွင် စတင်အသိပေးရန် စီစဉ်နေသည်ဟု ဖေ့စ်ဘွတ်ခ်က ပြောသည်။

ပုဂ္ဂိုလ်ရေး အချက်အလက်များ ပေါက်ကြားမှုတွင် တာဝန်ရှိကြောင်း ဖေ့စ်ဘွတ်ခ်အမှုဆောင် အရာရှိချုပ် ဇူကာဘက်က ဝန်ခံပြီး ၎င်းတည်ထောင်သော ကုမ္ပဏီကို ဦးဆောင်ရန် မိမိသည် အကောင်းဆုံး ပုဂ္ဂိုလ် ဖြစ်နေဆဲဟု ပြောကြားထားသည်။

—Ref: Reuters