ကျော်ကိုကိုရဲ့ ဒဏ်ရာအပေါ် စိတ်မကောင်းကြောင်းနှင့် အစအဆုံး တာဝန်ယူပေးမယ်လို့ ချင်းရွိုင် ဥက္ကဌ ထုတ်ဖော် ပြော

ပြီးခဲ့တဲ့ ရက်ပိုင်းက ပတ္တယားအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ချင်းရွိုင်အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ် မှူး ကျော်ကိုကိုမှာ ဒူးခေါင်း ထိခိုက်မှု ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ရပါတယ်။

အဆိုပါ ဒဏ်ရာကို အသင်းဆေးအဖွဲ့က ကုသမှု ပေးပြီးနောက် အနည်းဆုံး ၂၀၁၈ ခုနှစ်အကုန်အထိ အနားယူရဖို့ လိုတယ်လို့ သတင်းထုတ်ပြန် ထားခဲ့ပါတယ်။

မူလက ကျော်ကိုကိုရဲ့ ဒဏ်ရာကို ချင်းရွိုင်အသင်းက စာချုပ်သက်တမ်းရှိနေချိန်အထိသာ ကုသပေးမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် လည်း ယခုအခါမှာတော့ ချင်းရွိုင်အသင်းဥက္ကဌ မီတီတီယာပိုင်ရတ် ကိုယ်တိုင်က-” အရမ်းဝမ်းနည်းရပါတယ်။ကျွန်တော်တို့အကောင်းဆုံး ပြန်ဖြစ်အောင်ကြိုးစား ပေးသွားမှာပါ။သူ့ကိုလည်း အကောင်းဆုံး ဆေးကုသမှု ပေးသွားပါမယ်။” လို့ ထုတ်ဖော်ပြောလာခဲ့ပါတယ်။

ဒါကြောင့်လည်း လက်ရှိမှာတော့ ၎င်းရဲ့ ဒဏ်ရာကို ချင်းရွိုင်အသင်းက ထိုင်း(သို့)ဘရာဇီးမှာ သွားရောက်ကုသမှု ခံယူနိုင်ရေး ဆောင်ရွက်ပေး နေပြီး ကာယကံရှင်ရဲ့ သဘောထားကိုလည်း တောင်းခံနေတယလို့သိရပါတယ်။

ကစားသာမားကို ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း -” ကျွန်တော် သက်သာနေပါပြီ။ဒဏ်ရာကိုတော့ သူတို့ဖက်က အကုန်လုံးတာဝန်ယူပေးပါ တယ်။” လို့ ဖြေကြားလာခဲ့ပါတယ်။

ယခု ရရှိခဲ့တဲ့ ဒဏ်ရာတွေကတော့ တစ်ခုတည်းမဟုတ်ပဲ ညာဖက်ဒူးအောက်ပိုင်းတစ်လျှောက် ကွဲအက်သွားခဲ့ သလို အရွတ်လည်း စုတ်ပြဲသွား တယ်လို့သိရပါတယ်။

ကျော်ကိုကိုမှာ ယခုလို ဒူးဒဏ်ရာကြောင့် ၂၀၁၆ ခုနှစ်က ပါဝင်ခွင့်မရလိုက်တဲ့ ဆူဇူကီးဖလားပြိုင်ပွဲကိုလည်း လာမယ့် ၂၀၁၈ ခုနှစ်မှာ ထပ်မံ လွဲချော်ဖွယ်ရှိနေပါတယ်။

Source- Chaingrai United Fc