ထိုင်ဝမ်ကို ရေငုပ်သင်္ဘော ဆောက်လုပ်တဲ့ နည်းပညာ ရောင်းချခွင့် လိုင်စင်ပေးတာကို တရုတ် ကန့်ကွက်
ထိုင်ဝမ်ကို အမေရိကန် ကုမ္ပဏီတွေက ရေငုပ်သင်္ဘောဆောက်လုပ်နိုင်တဲ့ နည်းပညာရပ် ရောင်းချခွင့် လိုင်စင် ပေးလိုက်တဲ့အတွက် တရုတ်နိုင်ငံက မနေ့က ကန့်ကွက်လိုက်ပါတယ်။
ထိုင်ဝမ်ကိုယ်တိုင် ရေငုပ်သင်္ဘောတွေ ဆောက်လုပ်နိုင်တဲ့ နည်းပညာရပ်ရောင်းချလို့ရအောင် လိုအပ်တဲ့ လိုင်စင်ချပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက သဘောတူလိုက်ပြီလို့ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့က အတည်ပြုပြောကြားတဲ့အကြောင်း ထိုင်ဝမ် ဗဟို သတင်းဌာနက ကြေညာပါတယ်။ ဒီသတင်းကို အတည်ပြုဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သီတင်းပတ်ကုန်ပိုင်းရက်က ငြင်းပေမယ့် တရုတ် ကာကွယ်ရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာကနေ ဒီကိစ္စ ကန့်ကွက်လိုက်တာဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်ဝမ် စစ်ရေးဆက်ဆံမှုမှန်သမျှနဲ့ ထိုင်ဝမ်ကို ဘယ်လိုပုံစံမျိုးနဲ့ မဆို လက်နက်ရောင်းချတာ မှန်သမျှ ရပ်တန်းက ရပ်ဆိုင်းလိုက်ဖို့ တိုက်တွန်းပါတယ်။
တရုတ်နိုင်ငံကို ခွဲထုတ်ဖို့ ကြိုးပမ်းတာမှန်သမျှ တရုတ်စစ်တပ်က ဖြိုခွင်းနိုင်စွမ်းရှိပြီး အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ နယ်မြေတည်တံ့ရေးအတွက် ခုခံကာကွယ်ဖို့ လိုအပ်တဲ့အစီစဉ်တွေ ချမှတ်မယ်လို့လည်း ပြောပါတယ်။
-Ref; RFA