ဘိုင်ယန်မြူးနစ် ခြောက်ကြိမ်ဆက်တိုက် ဖလားဆွတ်ခူး

ယမန်နေ့က ကစားခဲ့သော ဥရောပပြိုင်ပွဲများတွင် ဘိုင်ယန်မြူးနစ်က ခြောက်ကြိမ်ဆက်တိုက် ဘွန်ဒက်စ်လီဂါ သရဖူကို စံချိန်တင် ဆွတ်ခူးခဲ့ပြီး ဂျူဗင်တပ်ကလည်း စီးရီးအေထိပ်ဆုံး၌ ခုနစ်မှတ်ဖြတ် ဦးဆောင်နေသည်။ လီဗာပူးက မာဆေးဆိုက်ဒါဘီပွဲတွင် သရေကျခဲ့ကာ စပါးက စတုတ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်ခဲ့သည်။

ဘိုင်ယန်က တစ်နယ်တည်းသား ဘာဘေးရီးယား ပြိုင်ဘက် အော့စ်ဘတ်ကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဂျာမန်လိဂ်ချန်ပီယံအဖြစ် (၂၈) ကြိမ်မြောက် ဖလားရယူခဲ့သည်။ နောက်မှလိုက်ကစားခဲ့ရသော်လည်း တိုလစ်ဆို၊ ရိုဒရီ ဂွတ်ခ်၊ ရော်ဘင်၊ ဆန်ဒရိုတို့၏ ဂိုးများဖြင့် ဘိုင်ယန်က အနိုင်ရရှိကာ လက်ကျန်ငါးပွဲ ကျန်သေးချိန်မှာပင် ဒုတိယနေရာမှ ရှော်လ်ကေးကို အမှတ် ၂၀ ဖြတ်ထားကာ ချန်ပီယံဆု ရယူခဲ့သည်။

စီးရီးအေတွင် ဂျူဗင်တပ်၏ နောက်တန်းပေါ့လျော့မှုများကို ဂျူဗင်တပ်က ကျော်လွှားနိုင်ခဲ့ပြီး ဒိုင်ဘာလာက ဟက်ထရစ်သွင်း ယူကာ ဇယားအောက်ဆုံးရှိ ဘင် နီဗန်တိုကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းနိုင်ပွဲနှင့်အတူ ဂျူဗင်တပ်သည် ယနေ့ည ချီယေဗိုကို လက်ခံကစားမည့် ဒုတိယနေရာမှ နာပိုလီကို ခုနှစ်မှတ်အသာစီး ရယူခဲ့သည်။ လာမည့်သီတင်းပတ်အတွင်း ရီးရဲလ်နှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယ အကျော့လည်းရှိသေး သဖြင့် ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ပုံမှန်ပွဲထွက်ကစားသမား အများအပြားကို ဘင်နီဗန်ကိုနှင့်ပွဲတွင် အနားပေးခဲ့သည်။

အင်္ဂလန် မာဆေးဆိုက်ဒါဘီ ပြိုင်ပွဲတွင် အဲဗာတန်က ပွဲပြီးခါနီး၌ အခွင့်အရေးအချို့  ဖန်တီးခဲ့ပြီး  လီဗာပူးနှင့် ဂိုးမရှိသရေကျခဲ့သည်။ မန်စီးတီးနှင့် ချန်ပီယံလိဂ်ပွဲရှိသော်လည်း ဂျာဂန်ကလော့ပ်က ထင်မှတ်ထားသည်ထက် တောင့်တင်းသော အသင်းဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် အဲဗာတန်၏ ဖိအားပေးမှုကို ကြံ့ ကြံ့ခံကစားခဲ့သည်။

ထိုအတောအတွင်း စပါးက စတုတ်ကို အဝေးကွင်း၌ ၂-၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နံပါတ် (၄) နေရာကို ဆက်လက်ဆုပ်ကိုင်ထားကာ တစ်ပွဲပို ကစားထားသော လီဗာပူးနှင့်ရမှတ်တူရရှိထားသည်။

—Ref:AP