မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်

မန္တလေး ဧပြီ ၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အစည်းအဝေးခန်းမ တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင် ဦးရွှေနန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုးလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ မြို့နယ်ကော်မတီဝင် ဦးအောင်မြိုင်က သင်တန်းစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်း ပြောကြားကာ သင်တန်းကို စတင်ပို့ချခဲ့သည်။

အဆိုပါသင်တန်းတွင် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ ပါတီအောင်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များ လူထုဟောပြော စည်းရုံးနည်း၊ ရခိုင်အရေးနှင့် ဖြစ်ရပ်အထွေထွေ၊ နိုင်ငံတကာရေးရာ၊ (၂ဝဝ၈) အခြေခံဥပဒေနှင့် လွှတ်တော်ရေးရာ၊ Leader Ship ၊ သတင်းနှင့်မီဒီယာကိစ္စများ၊ နိုင်ငံတော်စီးပွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်အစရှိသော ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်ရာ သင်တန်းကာလမှာ ယခုလ ၅ ရက်မှ ၆ ရက်အထိ နှစ်ရက်ဖြစ်ပြီး သင်တန်းသို့ မိတ္ထီလာမြို့နယ်အတွင်း ရပ်/ကျေးပါတီဥက္ကဋ္ဌများအပါအဝင် သင်တန်းသားသင်တန်း သူ စုစုပေါင်း ၁၁ဝ တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုကော်မတီဝင် ဒေါက်တာ မောင်သင်း၊ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ တိုင်းကော်မတီဝင် ဦးရွှေနန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦး နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ အပါအဝင် စုစုပေါင်း ၁၃ဝ တက်ရောက်ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီသည် ပါတီဗဟို၏ လမ်းညွှန်ချက်များနှင့်အညီ ပါတီဗဟိုမှ ပို့ချသော သင်တန်းများတွင် တက်ရောက်သင်ကြားခဲ့ပြီး သက်ဆိုင်ရာမြို့နယ်များအလိုက် ဆင့်ပွားသင်တန်းများ ပြန်လည် ပို့ချ၍ အဆင့်ဆင့်သော ပါတီကော်မတီဝင်များ၏ အရည်အချင်းများ တိုးတက်မြင့်မားလာစေရန်၊ ခေါင်းဆောင် ကောင်းများဖြစ်လာစေရန်အတွက် သင်တန်းများအား စဉ်ဆက်မပြတ်ပို့ချကာ လေ့ကျင့်ပျိုးထောင်ပေးလျက် ရှိကြောင်း သိရသည်။

စိုလှိုင် (မိတ္ထီလာ)