ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးများနှင့် တွေ့ဆုံ

ရန်ကုန် ဧပြီ ၎

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံး၌ ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးသည် ရန်ကုန်တိုင်းဒေသ ကြီး အတွင်းရှိ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် ဗဟိုကော်မတီဝင် များ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် ခရိုင်ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။

အစီအစဉ်အရ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အမှာစကားပြောကြားရာတွင် မိမိတို့မြို့နယ်ပါတီကော်မတီများတွင် ကော်မတီဝင်များ၊ ပြည့်စုံအောင် ဖြည့်စွက်ကြ ရန်နှင့် ဖြည့်စွက်ရာတွင် ပြုပြင်သင့်တာတွေ ပြုပြင်ပြီး အမှန်တကယ်အလုပ်လုပ်သူများဖြင့် ဖြည့်စွက်ကြရန် လိုအပ်ကြောင်း၊ သင်တန်းသားများ ရွေးချယ်ရာတွင်လည်း သင်တန်းနှင့် အမှန်တကယ်ကိုက်ညီသော ပါတီဝင်များကို ရွေးချယ်ပေးရန် လိုအပ်ကြောင်း၊ ယခုအခါ မိမိတို့ပါတီသို့ ဝင်ရောက်လိုသူများရှိနေသဖြင့် ပါတီ ဝင်ရောက်နိုင်ရန် မြို့နယ်ရုံးများတွင် ဆောင်ရွက်ထားကြရန်လိုအပ်ကြောင်း မှာကြားသည်။ ထို့နောက် ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများမှ ခရိုင်အလိုက် ပါတီဥက္ကဋ္ဌများမှ မိမိတို့ခရိုင်နှင့် မြို့နယ်အခြေအနေများကို တင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ပါတီကော်မတီဝင်များက ရေးရာအလိုက် ဆွေးနွေးသည်။

ထို့နောက် ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးသာဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)