အဝေးပြေးကားလက်မှတ် တရားမဝင်ရောင်းချခြင်းနှင့် ကြားကားများ မပြေးဆွဲနိုင်ရန် စစ်ဆေးကြပ်မတ်နေ

သင်္ကြန်ရုံးပိတ်ရက်တွင် တရားမဝင် အဝေးပြေးကားလက် မှတ်ရောင်းချခြင်းနှင့် ကြားကားများ ဝင်ရောက် ပြေးဆွဲခြင်းမပြု လုပ်နိုင်စေရန် စစ်ဆေးကြပ်မတ် နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အဝေးပြေးတာဝန်ခံ ဦးဘမြင့်က ပြောသည်။

ယခင်နှစ်များက သင်္ကြန်ရုံး ပိတ်ရက်တွင်ခရီးသွားများကို ဂိတ်အပိုင်မရှိသူအချို့က အဝေးပြေးကားလက်မှတ် အရောင်းကောင်တာများဖွင့်၍ရောင်းချပြီးနောက် ငွေလိမ်လည်မှုများရှိခဲ့ရာ ယခုနှစ်တွင် ထိုပြဿနာများမဖြစ် စေရန် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဖွဲ့ကာ အဝေးပြေးဝင်းအတွင်း လှည့်လည်စစ်ဆေးနေသည်ဟု ၎င်းက ဆို သည်။

ထို့အပြင် တရားမဝင်ကြား ကားများဝင်ရောက်ပြေးဆွဲခြင်း မပြုလုပ်နိုင်ရန်လည်း ကြပ်မတ်နေသည်ဟု ဦးဘမြင့်က ပြော သည်။

‘‘မတ်လကုန်ပိုင်း ကတည်းက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကားနဲ့လှည့်ပြီး စစ်နေတယ်။ ဧပြီ ၁၂ ရက်အထိ စစ်နေမှာပါ’’ ဟု ၎င်းက ပြောသည်။

ပုံမှန်လှည့်လည်စစ်ဆေးနေသော်လည်း ဖမ်းဆီးအရေးယူနိုင် မှုနှင့်ပတ်သက်၍ သတင်းတက်လာခြင်း မရှိသေး ကြောင်း ဦးဘ မြင့်က ဆိုသည်။

သင်္ကြန်ရုံးပိတ်ရက်တွင် လက်မှတ်ဈေးမြှင့် ရောင်းချခြင်း မပြုလုပ်ရန် အဝေးပြေးယာဉ် လိုင်းတာဝန်ခံများကို ခေါ်ယူ သတိပေးထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

‘‘လက်မှတ်ဈေးနှုန်းက ပုံမှန် ပါပဲ။ ခရီးသွားကတော့ သိပ်အ များကြီးမရှိသေးဘူး’’ဟု ရန်ကုန်မှ တောင်ကြီးသို့ ပြေးဆွဲသည့် ရွှေ လွန်းပျံယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘အခုအချိန်ထိတော့ လက်မှတ်ခက ဈေးမကြီးသေးဘူး။ သင်္ကြန်ရက် ကပ်လာရင်တော့ ဘယ်လို နေမယ်မသိဘူး’’ဟု ရေနံ ချောင်းမြို့သို့ ပြန်မည့်ကုမ္ပဏီဝန် ထမ်း ကိုသက်ကပြောကြားသည်။

အဝေးပြေး ခရီးစဉ်များကို အောင်မင်္ဂလာနှင့် ဒဂုံဧရာအဝေး ပြေးဝင်းတို့ရှိ ယာဉ်လိုင်း ၃၈၀ ခန့်မှ ယာဉ်စီးရေ ၄,၁၀၀ ကျော်ဖြင့် ပုံမှန်ပြေးဆွဲနေပြီး သင်္ကြန်ပိတ်ရက်တွင် ယာဉ်စီးရေ ၁,၀၀၀ ခန့် တိုးမြှင့်ပြေးဆွဲရန် ပြင်ဆင် နေကြောင်း ယာဉ်လိုင်းတာဝန် ရှိသူများက ပြောသည်။

7  day