လေသူရဲဗိုလ်မှူးအာကာဝင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ချီးကျူးဂုဏ်ပြု

 

ဧပြီလ ၃ ရက်နေ့က တောင်ငူမြို့နယ်ကျွန်းကုန်းကျေးရွာနားမှာ ဖြစ်ပွားခဲ့တဲ့ တပ်မတော်လေက F 7 တိုက်လေယာဉ်ပျက်ကျမှုမှာ ကျွန်းကုန်း ကျေးရွာပေါ်ကို လေယာဉ်ပျက်ကျမှုမရှိစေဖို့ ထိန်းကြောင်းမောင်းနှင် ခဲ့တဲ့ လေသူရဲဗိုလ်မှူးအာကာဝင်းကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့စစ်ဆေးချက်တွေအရ လေယာဉ်မှူး ဗိုလ်မှူးအာကာဝင်းက ဧပြီ ၃ ရက် မနက် ၁၀ နာရီ ၃၆ မိနစ်မှာ လေယာဉ်လေ့ကျင့်ပျံသန်းမှု စတင်ခဲ့ပြီး ၁၀ နာရီ ၄၄ မိနစ်မှာ လေယာဉ်ပြန်လည် ဆင်းသက်ဖို့ လေကြောင်းထိန်းတာဝါကို သတင်းပို့ခဲ့ပြီး လေယာဉ်ဆင်း ပတ်လမ်းအတွင်းကို ချဉ်းကပ်ဝင်ရောက်ချိန် စက်ချို့ယွင်းမှုဖြစ်ပွားခဲ့လို့  အင်ဂျင်စက်ရပ်တန့်ခဲ့တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလိုဖြစ်ပွားချိန်မှာ အနောက်ကနေ မောင်းနှင်လိုက်ပါလာတဲ့ အက်ဖ် – ၇ လေ့ကျင့်ရေး လေယာဉ်တစ်စီးရှိ ၀ါရင့်လေသူရဲတစ်ဦးက (Air Start) (လေထဲတွင် စက်နှိုးခြင်း) ပြုလုပ်ဖို့နဲ့ စက်မနိုးရင် လုပ်ဆောင်သင့် တာတွေကို လုပ်ဆောင်သွားဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။လေယာဉ်မှူးဗိုလ်မှူး အာကာဝင်းက  ၃၀ စက္ကန့်အထိ လေယာဉ်စက်ပြန်နိုးဖို့ ကြိုးစားခဲ့ပေမယ့် စက်မနိုးတော့လို့ အမြင့်မီတာ ၃၀၀ နဲ့ ပျံသန်းနှုန်း ၁ နာရီ ၃၂၀ ကီလိုမီတာနှုန်းကို ရောက်ရှိချိန်မှာ အရေးပေါ်အသက်ကယ်လေထီးပါထိုင်ခုံနဲ့ ခုန်ထွက်ဖို့ လေကြောင်းထိမ်းသိမ်းရေးမျှော်စင်ကို ထပ်မံ သတင်းပို့ခဲ့ ပါတယ်။

အဆိုပါအချိန်က အရေးပေါ်လေထီးနဲ့ ခုန်ထွက်မယ်ဆိုရင် လုံလောက်တဲ့ အချိန်နဲ့ အမြင့်ပေတွင်နေပြီး အသက်အန္တရာယ်လွတ်ကင်းနိုင်ပေးမယ့် ကျွန်းကုန်းရွာအတွင်းသို့ လေယာဉ်ပျက်ကျနိုင်သည့် အနေအထား တွင် ရှိတာကြောင့် လေသူရဲ ဗိုလ်မှူး အာကာဝင်းက ၎င်းနေရာမှာ အရေးပေါ်ခုန်ထွက်တာမလုပ်ဘဲ လေယာဉ်ကို ကြိုးစားထိန်းသိမ်းခဲ့ပြီး ကျွန်းကုန်းရွာအလွန် မြေပြင်မှအမြင့်ပေ ၃၀ မီတာခန့် ရောက်ရှိချိန်မှပဲ အရေးပေါ်ခုန်ထွက်ခဲ့တာလို့ ဆိုပါတယ်။မိမိအသက်ရှင်လွတ်မြောက်ရေးကို ပဓာနမထားဘဲကျွန်းကုန်းရွာအပေါ် လေယာဉ်ပျက်ကျမှု မရှိစေရေး လေယာဉ်အားအတတ်နိုင်ဆုံး ထိန်းကျောင်းမောင်းနှင်ခဲ့လို့အသက်ဆုံးရှုံးခဲ့တဲ့ ဗိုလ်မှူးအာကာဝင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချီးကျူးဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

Mizzima