Tesla ကုမ္ပဏီမှ တစ်ပတ်ကို Model 3 ကားအစင်းရေ ၂၀၀၀ အထိ ထုတ်လုပ်နေ

Tesla လျှပ်စစ်ကားကုမ္ပဏီ တည်ထောင်သူ အီလွန်မတ်စ်ရဲ့အဆိုအရTesla Inc ဟာ တစ်ပတ်ကို Model 3 အမျိုးအစား ကားအစင်းရေ ၂၀၀၀ အထိ ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီ ဝန်ထမ်းတွေကို ပို့ လိုက်တဲ့ မေးလ်မှာ ဒီအချက်ကို ထည့်သွင်းဖော်ပြထားတာ ဖြစ်ပြီး ဒီပမာဏဟာ အီလွန်မတ်စ်ရဲ့ ရည်မှန်းထုတ်လုပ်မှုနှုန်း အဆင့်ကိုတော့ ရောက်မလာသေးပါဘူး။

ဝန်ထမ်းအားလုံးကို ပေးပို့ လိုက်တဲ့ အီးမေးလ်မှာတော့ မတ်စ်က အခုလို ပြောထားပါတယ်။ “တစ်ပတ်ကို Model 3 ကားအစီးရေ ၂၀၀၀ ထုတ်တဲ့နှုန်းကို ကျော်ဖို့ ဆိုတာ အတော်လေးကို ခက်ခဲမှာပါ။ ဒါပေမယ့် အခုချိန်မှာ ထုတ်နိုင်ခဲ့ပြီ ဖြစ်လို့ ဒီအတိုင်း စီစဉ်သလို ဖြစ်လာခဲ့ရင် နောက်တစ်ခါ တစ်ပတ်ထုတ်လုပ်မှုနှုန်း ပမာဏဟာ အသာလေး ကျော်တက်နိုင်တော့မှာ ဖြစ်ပါတယ်။ “လို့ သူက ဆိုပါတယ်။ Tesla ဟာ Model 3 ၊ Model S နဲ့ Model X ကားများကို တစ်ပတ် အစီး ၄၀၀၀ ထုတ်လုပ်ဖို့ ရည်မှန်းထားတာ ဖြစ်ပြီးယခုနှုန်းဟာ ဒီရည်မှန်း ပမာဏအတွက် အခြေခံအုတ်မြစ် ဖြစ်တယ်လို့ လည်း ပြောထားပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ Tesla ဟာ ၂၀၁၈ ပထမသုံးလပတ်အတွင်း တစ်ပတ်ကို Model 3 ဆီဒင်ကားအစင်းရေ ၂၅၀၀ ထုတ်လုပ်နိုင်ဖို့ ပစ်မှတ်ထားခဲ့တာပါ။ တစ်ပတ် Model 3 ကား အစီးရေ ၂၀၀၀ ထုတ်လုပ်နိုင်တာဟာ ပြီးခဲ့တဲ့နှစ် ထုတ်လုပ်မှုထက် နှစ်ဆပိုများခဲ့ပြီး နှစ်ကုန်ပိုင်းမှာဆို လေးဆပိုတိုး ထုတ်လုပ်နိုင်ဖို့ လည်း Tesla Inc ကုမ္ပဏီမှ မျှော်မှန်းထားတာ ဖြစ်ပါတယ်။ Tesla ဟာ ယခုနှစ် ဒုတိယသုံးလပတ်အကုန်ပိုင်းမှာ ကားထုတ်လုပ်မှုကို တစ်ပတ်လျှင် အစင်းရေ ၅၀၀၀ အထိ တိုးထုတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ နှစ်ပတ်အထိ တစ်ပတ်ကား ထုတ်လုပ်မှုဟာ အစင်းရေ ၁၄၀၀ ပဲ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Tesla ဟာ ၂၀၁၆ ဧပြီလမတိုင်ခင် ထုတ်ထားတဲ့ Model S ဆီဒင်ကားများမှာ တွေထားတဲ့ စတီယာရင်ပြဿနာကြောင့် တစ်ကမ္ဘာလုံးမှာ ရောင်းထားတဲ့ ကားအစင်းရေ ၁၂၃၀၀၀ ကို ပြန်သိမ်းနေပါတယ်။ Tesla ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကားအစင်းရေ ၂ သိန်း ၈ သောင်းခန့် ရောင်းချ နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Source; Duwun