မြန်မာ့အကြီးဆုံးသော ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်၏ ဥက္ကဋ္ဌ ရာထူး အပြောင်းအလဲ ဖြစ်ပေါ်

မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် ဆုတံဆိပ်အများဆုံးရ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်ဥက္ကဋ္ဌရာထူးမှာ ဧပြီလ ၂ ရက်တွင် အပြောင်းအလဲဖြစ်ပေါ်သွားခဲ့ကြောင်း အဆိုပါလုပ်ငန်းစု၏ အကြီးအကဲတစ်ဦးဖြစ်သူ ဒေါ်နန်းလိုင်ခမ်း က အတည်ပြုရေးသားဖော်ပြလိုက်သည်။

ကမ္ဘောဘဏ်နှင့်လုပ်ငန်းစုတစ်ခုလုံး၏ ဥက္ကဋ္ဌမှာ ပရဟိတသူဌေးကြီးဟု နာမည်ကြီးနေသော ဦးအောင်ကိုဝင်း ဖြစ်ပြီး ကမ္ဘောဇဘဏ်ဥက္ကဋ္ဌတာဝန်ကို ဦးအောင်ကိုဝင်းထံမှ ဦးမြသန်းက လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ” ဒီနေ့မှာတော့ ကမ္ဘောဇဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့က ကျွန်မရဲ့ဖေဖေ ဦးအောင်ကိုဝင်းကို ဘဏ်ရဲ့ “နာယက” “Chairman Emeritus” အဖြစ် တင်မြှောက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖေဟာ ၁၀၀ ရာခိုင်နှုန်း မိသားစုပိုင်ဘဏ်ကြီးကို နာယကတစ်ဦးအနေနဲ့ မဟာဗျူဟာကျတဲ့ လမ်းညွှန်မှုများနဲ့ ထိန်းသိမ်းလမ်းညွှန်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ကို နိုင်ငံတကာအဆင့် အုပ်ချုပ်ရေး ယန္တရား (Corporate Governance) သို့ တိုးတက်မြှင့်တင်ပြောင်းလဲမယ့် ရည်မှန်းချက်ကို ဆက်လက် အကောင်အထည်ဖေါ်ဆောင်ရန်အတွက် ဦးမြသန်းကို ကမ္ဘောဇဘဏ်ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခဲ့ပါတယ် ” ဟု ဒေါ်နန်းလိုင်ခမ်းက ၄င်း၏ တရားဝင်ပေ့ခ်ျမှတစ်ဆင့် ဖော်ပြထားသည်။ ဥက္ကဋ္ဌဦးအောင်ကိုဝင်းအနေဖြင့် ၂၀၁၁ ခုနှစ်ကတည်းက စတင်ချမှတ်ခဲ့သော ကမ္ဘောဇဘဏ်၏အနာဂတ်ရည်မှန်းချက်များနှင့်အညီ အလုပ်တာဝန်များကို အဆင့်ဆင့်ဆက်ခံမည့်အစီအစဉ်အရ ကမ္ဘောဇဘဏ်၏အကြီးတန်း အရာရှိကြီးများကို မဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း၌ Mr Mike DeNoma ကို ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် CEO အဖြစ် ခန့်အပ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ဦးအောင်ကိုဝင်း၏ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူမည့် ဦးမြသန်းသည် ယခင်က နိုင်ငံတော်ပိုင် မြန်မာ့ရင်းနှီး မြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ၏ ဦးဆောင်ညွှန်ကြားရေးမှူးနဲ့ မြန်မာအရှေ့တိုင်းဘဏ် (MOB) ၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခုလက်ရှိတွင် ကမ္ဘောဇဘဏ်၏ Independent Director တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။