ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တောင်သူလယ်သမားရေးရာနှင့် အလုပ်သမားရေးရာသင်တန်း ဖွင့်လှစ်

ရန်ကုန် ဧပြီ ၂

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်သူလယ်သမားရေးရာ၊ အလုပ်သမား ရေးရာ သင်တန်းအမှတ်စဉ် (၁) ကို မတ် ၃၁ ရက်မှ ယနေ့အထိ သုံးရက်ကြာသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး တိုင်းပါတီရုံး သင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခြောက်ခရိုင်မှ သင်တန်းသားတစ်ဦးစီနှင့် မြို့နယ် ၂၆ မြို့နယ်မှ သင်တန်းသားနှစ်ဦးစီ စုစုပေါင်း သင်တန်းသား ၅၈ ဦး တက်ရောက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်သူလယ်သမားရေးရာ၊ အလုပ်သမား ရေးရာ သင်တန်းအမှတ်စဉ် (၁) သင်တန်းသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် (တောင်သူလယ်သမားရေးရာတာဝန်ခံ) ဦးအောင်တင်မြင့်၊ ဗဟိုအလုပ် အမှုဆောင် (အလုပ်သမားရေးရာတာဝန်ခံ) ဦးလှသိန်းဆွေနှင့် ဗဟိုအလုပ်အမှုဆောင် ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ တိုင်းပါတီကော်မတီဝင်များဖြစ်ကြသည့် ဒေါက်တာထိန်ဝင်း၊ ဒေါ်ခင်စောမူ၊ ဦးဝင်းကိုကို၊ ဒေါ်နွယ်နွယ်ဦးတို့မှလည်း တက်ရောက်၍ သက်ဆိုင်ရာသင်တန်းများကိုလည်း နေ့ / ည သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
၎င်းနောက် ယနေ့မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သည့် ဒေါက်တာထိန်ဝင်း၊ ဒေါ်ခင်စောမူ၊ ဒေါ်နွယ်နွယ်ဦးတို့သည် ခရိုင်၊ မြို့နယ် ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များအား တွေ့ဆုံဆွေးနွေးရာတွင် ရေးရာကဏ္ဍအသီးသီးမှ ဆွေးနွေးတင်ပြချက် များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လိုအပ်ချက်များကိုလည်း ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဆွေးနွေးပွဲကို ညနေ ၄ နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။