တောင်ကိုရီးယား ကေပေါ့ပ် ဖျော်ဖြေပွဲ ကင်ဂျုံအန်းနှင့်ဇနီး ကြည့်ရှု

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ဇနီးတို့ဟာ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ ကျင်းပတဲ့ တောင်ကိုရီးယား ကေပေါ့ပ် အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲကို ကြည့်ရှုခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ဇနီး ရိဆောဂျူးတို့ဟာ သူတို့နိုင်ငံကို ပထမဆုံး လာရောက် ဖျော်ဖြေတဲ့ ကေပေါ့ပ် အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲကို ရာနဲ့ချီတဲ့ ပရိသတ်နဲ့အတူ ဧပြီ ၁ ရက်နေ့က ကြည့်ရှုခဲ့ပါတယ်။

၂ နာရီကြာတဲ့ တေးဂီတဖျော်ဖြေပွဲအတွင်း တချို့သီချင်းတွေမှာ သံစဉ်အလိုက် လက်ခုပ်တီးပြီး စည်းဝါး လိုက်နေတဲ့ ကင်ကို တွေ့နိုင်ပါတယ်။ ပွဲအပြီးမှာလည်း ဖျော်ဖြေသူတွေနဲ့အတူ အုပ်စုဓာတ်ပုံ ရိုက်ကူးခဲ့တာပါ။

ကင်က တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြား ပိုထိတွေ့ဖို့ လိုလားကြောင်း ပြခဲ့လို့ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြား စေ့စပ်ညှိနှိုင်းမှု ဆက်လက် တိုးတက်နေခဲ့ပါတယ်။

နွေဦးလာပြီဆိုတဲ့ ခေါင်းစဉ်နဲ့ ဖျော်ဖြေပွဲကို တောင်ကိုရီးယားရဲ့ ထိပ်တန်းအနုပညာရှင် ၁၁ ယောက် ပါဝင်ဖျော်ဖြေခဲ့တာပါ။

ဧပြီ ၃ ရက်နေ့မှာတော့ တောင်ကိုရီးယား အဆိုတော်တွေဟာ မြောက်ကိုရီးယား ဖျော်ဖြေသူတွေနဲ့အတူ ပူးတွဲ ဂီတဖျော်ဖြေပွဲကို ကျင်းပဖို့ ရှိနေပါတယ်။

ဒီပွဲကို တောင်နဲ့ မြောက် ၂ နိုင်ငံ ပူးတွဲစီမံကိန်းဖြစ်တဲ့ အားကစားရုံမှာ ကျင်းပမှာပါ။

တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြား ယဉ်ကျေးမှုနဲ့ စီးပွားရေး ဖလှယ်မှုတွေကို အားပေးမြှင့်တင်သူ၊ ဟွန်ဒိုင်းအုပ်စုတည်ထောင်သူ သူကြွယ်ကြီး ချောင်ချုယောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ အားကစားရုံရဲ့ နာမည်ကို သူ့နာမည်အတိုင်း မှည့်ခေါ်ထားပါတယ်။

(DVB)