ထိန်းချုပ်မှုမဲ့ တရုတ်အာကာသယာဉ်တစင်း အရှိန်အဟုန်ဖြင့် ကမ္ဘာမြေပြင်ကို ကျဆင်းနေ

Photo – China Manned Space Agency

 

တရုတ်အာကာသယာဉ်တစင်းဟာ ထိန်းချုပ်မှု ကင်းမဲ့သွားပြီးနောက် ကျဆင်းလာနေပြီး လာမယ့် မတ်လ ၃၁ ရက်နေ့ အစောပိုင်းမှာ ကမ္ဘာမြေပြင်ကို ထိခိုက်နိုင်ဖွယ်ရှိတယ်လို့ စောင့်ကြည့်လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

တျန်းဂွန်-၁ (Tiangong-1) လို့ အမည်ရတဲ့ အဲဒီ အာကာသယာဉ် လွှတ်တင်ရေး စီမံကိန်းဟာ တရုတ်ရဲ့ ရည်မှန်းချက်ကြီးတဲ့ စီမံကိန်းတခုဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ၂၀၂၂ ခုနှစ်မှာ လူသားတွေပါဝင်တဲ့ အာကာသယာဉ်စခန်း တည်ဆောက်နိုင်ဖို့ စီမံကိန်းရဲ့ ရှေ့ပြေး အစီအစဉ်တခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တျန်းဂွန်-၁ အာကာသယာဉ်ဟာ ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့ပြီး အလွန်မြင့်မားတဲ့ အမြန်နှုန်းနဲ့ စတီယာရင်ဘီးမပါဘဲ ကမ္ဘာမြေကို ပြန်ဆင်းလာနေခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အာကာသယာဉ်ဟာ လေထုထဲမှာပဲ ပေါက်ကွဲလောင်ကျွမ်းသွားနိုင်မှာ ဖြစ်ပေမယ့် အပျက်အစီး အပိုင်းအစ တွေကတော့ ကမ္ဘာ့မျက်နှာပြင်ကို ထိခိုက်လာနိုင်ချေ ရှိနေပါတယ်။

ကမ္ဘာမြေဆွဲအားက နီးသည်ထက်နီးလာအောင် တဖြည်းဖြည်းချင်း ဆွဲယူနေတဲ့အတွက် ၂၀၁၁ ခုနှစ်က လွှတ်တင်ခဲ့တဲ့ ပျက်စီးလုလု အာကာသယာဉ်ကို ရေဒါမှတဆင့် မြင်ကြရတယ်လို့ ဆိုပါတယ်။

ကွေ့ချလိုက်လို့လည်းမရ၊ မယုံနိုင်လောက်အောင်လည်း မြန်ဆန်လွန်းတာမို့ ကမ္ဘာမြေပေါ် ဘယ်နေရာမှာ ကျရောက်မယ်ဆိုတာလည်း မခန့်မှန်းနိုင်ဘူးလို့ ဆိုပါတယ်။

ကမ္ဘာပတ်လမ်း စောင့်ကြည့်ရေး အဖွဲ့အစည်းတွေရဲ့ နောက်ဆုံးခန့်မှန်းချက်တွေအရ တျန်းဂွန်-၁ အာကာသယာဉ်ဟာ မတ်လ ၃၁ ရက်နေ့နဲ့ ဧပြီ ၁ ရက်နေ့ကြား ဝန်းကျင်မှာပဲ ကမ္ဘာ့လေထုထဲ တနေရာရာကို ဝင်လာမှာဖြစ်ကာ စောရင်လည်း ၄ ရက်၊ နောက်ကျရင်လည်း ၄ ရက်လောက်သာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လေထုကို ဖြတ်သန်းလာစဉ်မှာ တျန်းဂွန်-၁ အာကာသယာဉ်ရဲ့ ဘယ်အစိတ်အပိုင်းတွေ အကောင်းပကတိ ကျန်နေမယ်ဆိုတာလည်း ခန့်မှန်းလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။

တကယ်လို့များ အာကာသယာဉ်ရဲ့ အစိတ်အပိုင်းတွေ ကမ္ဘာမြေမျက်နှာပြင်ကို ရောက်လာခဲ့ရင်လည်း သမုဒ္ဒရာ ထဲကိုသာ ကျဆင်းဖွယ်ရာရှိပြီး သမိုင်းတလျှောက်မှာတော့ အာကာသယာဉ် အပျက်အစီးစ ထိမှန်တာ အမျိုးသမီး တယောက်သာ ရှိခဲ့ဖူးပြီး ထိခိုက်ဒဏ်ရာ ရရှိတာမျိုးတော့ မရှိခဲ့ပါဘူး။  

(DVB)