ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

မိုးမိတ် မတ် ၂၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်၊ ပြည်နယ်ကော်မတီဝင် ဒေါက်တာမောင်တီ၊ မိုးမိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် ကော်မတီဝင်အဖွဲ့သည် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီခွဲက တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ ပြည်နယ်လူငယ်ရေးရာတာဝန်ခံ ဦးစိုင်းခမ်းကော်က လက်ရှိနိုင်ငံရေးအခြေအနေ ပါတီလူငယ်ရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ၄င်းနောက် ခရိုင်ဥက္ကဋ္ဌ ဦးစိုးမြင့်က လက်ရှိနိုင်ငံရေးအနေအထားများကို ပြောကြားခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးစည်းရုံးရေးမှူးများက အသီးသီးဆွေးနွေးခဲ့ကြ သည်။ ၄င်းနောက် ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်းက နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မိုးမိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်အတွင်းရေးမှူး ဦးမောင်ငယ်၊ မြို့နယ်ကော်မတီဝင်များ၊ လူငယ်များ၊ ရပ်/ကျေးကော်မတီဝင်များ စုစုပေါင်း ၈၈ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းခမ်းကော်(မိုးမိတ်)