ရန်ကုန် (အရှေ့ပိုင်း) ခရိုင်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးများနှင့်သက်ဆိုင်သည့် ဥပဒေရေးရာဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် မတ် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် (အရှေ့ပိုင်း) ခရိုင်ပါတီရုံးတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အမျိုးသမီးရေးရာဥပဒေသများ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီက ခရိုင်ပါတီရုံး အစည်းအဝေးခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 ဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းနွယ်၊ ပါတီဗဟို ကော်မတီဝင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသည့် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်း၊ ဒေါက်တာကျော်စိုး၊ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်လဲ့လဲ့အေးနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် မြို့နယ်ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံများ၊ အမျိုးသမီးအဖွဲ့ဝင်များ၊ အမျိုးသမီးဥပဒေရေးရာပညာရှင်များ စုစုပေါင်းအင်အား ၁ဝဝ ခန့် တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပါတီဗဟိုအတွင်းရေးမှူး ဒေါ်စန်းစန်းနွယ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ကော်မတီဝင်၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းက ဆွေးနွေးပွဲဆိုင်ရာ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက်ဥပဒေပညာရှင်များမှ လက်ရှိဖြစ်ပွားနေသော ဥပဒေချိုးဖောက်မှုများ၊ သက်ငယ် မုဒိမ်းကိစ္စများ၊ အမျိုးသမီးများ၏ လုံခြုံမှုဆိုင်ရာဥပဒေ၊ နည်းဥပဒေများကိုဆွေးနွေးပြီး တက်ရောက်လာသော အမျိုးသမီးရေးရာပါတီဝင်များမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်း၍ ဥပဒေပညာရှင်များမှ ပြန်လည် ဖြေကြားဆွေးနွေးကြကာ ဆွေးနွေးပွဲအား မွန်းလွဲ ၃ နာရီတွင်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စိုးမိုး(ဒဂုံအရှေ့)