ဘီလီဂျိုးဆောင်းဒါး လက်ဒဏ်ရာရသွား၍ မာတင်မာရေးနှင့် ယှဉ်ပြိုင်မည့် ပွဲစဉ် ရွှေ့ဆိုင်း

လန်ဒန်ရှိ အိုတူးအရီနာကွင်း၌ မတ် ၂၃ ရက်တွင် တစ်နိုင်ငံတည်းသား မာတင်မာရေးနှင့် ယှဉ်ပြိုင်ရန် စီစဉ်ထားသော WBO မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲတွင် ဗြိတိန် လက်ဝှေ့ကျော် ဘီလီဂျိုးဆောင်းဒါးသည် တွဲဖက်နှင့် လေ့ကျင့်ရင်း လက်ဒဏ်ရာရခြင်းကြောင့် ပွဲစဉ်ကို ဇွန် ၂၃ ရက်သို့ ရွှေ့ဆိုင်း လိုက်ရကြောင်း သိရသည်။

ဆောင်းဒါးအတွက် မာရေးနှင့်ပွဲမှာ စတုတ္ထ အကြိမ်မြောက် ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲဖြစ်ပြီး ယခုကဲ့သို့ ပွဲပျက်ခဲ့၍ မာရေးနှင့် ပရိသတ်များကို အထူးအားနာကြောင်း ထုတ်ဖော်ပြောသည်။ ထို့ပြင် ပွဲစီစဉ်သူများအနေဖြင့် ချက်ချင်းဆိုသကဲ့သို့ ထိုပွဲကို ဇွန် ၂၃ ရက်တွင် ပြန်လည်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ပေးခြင်းကြောင့် ကျေးဇူးတင်စကားကိုပါ ဆောင်းဒါးက ပြောသည်။

ဘီလီဂျိုးဆောင်းဒါးသည် ယခုကဲ့သို့ ဒဏ်ရာရရှိသွားသည့်အတွက် ပိုမိုကောင်းမွန်သော အခွင့်အရေးအဖြစ ဂျီသုံးလုံးဟု အမည်ရသည့် လက်ရှိ ဝိတ်တန်းအလိုက် ကမ္ဘာ့ အကောင်းဆုံး လက်ဝှေ့သမားအဖြစ် သတ်မှတ်ခံထား ရသော ကာဇက်စတန်နိုင်ငံ သားအလဲထိုးဘုရင် ဂန်နာဒီဂိုလော့ဗ်ကင်နှင့် ယှဉ်ပြိုင်ခွင့် ရနိုင်ဖွယ်ရှိနေသည်။

ဂိုလော့ဗ်ကင်သည် မက္ကဆီကိုလက်ဝှေ့ကျော် ကာနီလို အဲလ်ဗာရက်စ်နှင့် မေ ၅ ရက်တွင် မကျေပွဲယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ကာနီလိုမှာ နီဗားဒါး အားကစားကော်မရှင်မှ ဆေးစစ်မှုအရ တားမြစ်ဆေးသုံးစွဲကြောင်းတွေ့ရှိရသဖြင့် အစားထိုးမည့်ပြိုင်ဘက်အဖြစ် ဆောင်းဒါးကို ရွေးချယ်ဖွယ် ရှိနေကြောင်း သိရသည်။

မြ၀တီ