အာဂျင်တီးနားနိုင်ငံသား ဒဲလ်ပိုထရိုက ဖက်ဒဲရာကိုအနိုင်ယူပြီး အင်ဒီးယန်းဝဲလ်စ်ဖလားဆွတ်ခူး

ဟွန်မာတင်ဒဲလ်ပိုထရိုသည် ကမ္ဘာ့အဆင့် (၁) တင်းနစ်ချန်ပီယံ ရော်ဂျာဖက်ဒဲရာ၏ ၁၇ ပွဲ ရှုံးပွဲမရှိ အခြေအနေကို အဆုံးသတ်ကာ BNP Paribas Open ဖလား ဆွတ်ခူးခဲ့သည်။

ကမ္ဘာ့အဆင့် (၈)နေရာ၌ ရပ်တည်နေသော အာဂျင်တီးနား တင်းနစ်ချန်ပီယံ ပိုထရိုသည် ဆွစ်ဇာလန်နိုင်ငံသား ဖက်ဒဲရာ ကို ၆-၄၊ ၆-၇ (၈-၁၀)၊ ၇-၆ (၇-၂) မှတ်ဖြင့် အနိုင်ရပြီး ၂၀၁၈ အတွင်း ဖက်ဒဲရာကို အနိုင်ရသည့် ပထမ ဆုံးတင်းနစ်သမား ဖြစ်လာသည်။

ပိုထရို (၂၉) နှစ်သည် မကြာသေးမီနှစ်များက လက်ကောက်ဝတ်ဒဏ်ရာကြုံခဲ့ကာ သုံးကြိမ်ခွဲစိတ်ခဲ့ရသဖြင့် လက်ပြန်ရိုက်ချက် အသုံးပြုရန် အခက်ကြုံခဲ့သည်။

သို့သော် ယခုနှစ်တွင် အစ ကောင်းခဲ့ပြီး မတ်လကပထမဆုံး ATP 500 ဖလားကို ရခဲ့ကာ ကမ္ဘာ့ အဆင့်ထိပ်ဆုံး ၁၀ ဦး စာရင်းသို့ ပြန်ဝင်လာသည်။

ယခုဖလားရရှိမှုနှင့် ပတ်သက်၍ ပိုထရိုက ဖက်ဒဲရာကို အနိုင်ရပြီး ဖလားရရှိခြင်းသည် စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲပြီး အိပ်မက်တစ်ခုကဲ့သို့ဖြစ်ကြောင်း ပြောသည်။

မိမိ၏ ပြဿနာအားလုံး၊ ခွဲစိတ်ကုသမှုများ အားလုံးပြီးနောက် ဖက်ဒဲရာကို အနိုင်ယူပြီး ဖလားရရှိခြင်းသည် မယုံကြည် နိုင်လောက်အောင် ဖြစ်ရကြောင်း ၎င်းက ပြောသည်။

—Ref:BBC