ဗဟိုအလုပ်အမှုဆောင်များ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန် မတ် ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ပါတီရုံးတွင် ယနေ့မွန်းလွဲ ၂ နာရီက ပါတီဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးသာဝင်း၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများက ဆိပ်ကြီးခနောင်တိုမြို့နယ် ပါတီကော်မတီများ၊ ရပ်/ကျေးဥက္ကဋ္ဌများ၊ ပါတီဝင်များနှင့်တွေ့ဆုံခဲ့ ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်ရီက ဆိပ်ကြီးခနောင်တိုမြို့နယ်ကို ပါတီစည်းရုံးလှုပ်ရှားမှု ပြုလုပ်ရာတွင် စံပြအဖြစ်သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မြို့နယ်နှင့်ပတ်သက်သည့်အရေးကြီးသည့် အချက်အလက်များကို သေချာပြုစုထားဖို့လိုအပ်ကြောင်း၊ ယခုအချိန်ကတည်းက စနစ်တကျ ဆောင်ရွက်ထားဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် ဆိပ်ကြီးခနောင်တိုမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ရပ်/ကျေး ဥက္ကဋ္ဌများ၊ ပါတီဝင်များက ဆောင်ရွက်ထားသည့်လုပ်ငန်းများကို တစ်ဦးချင်းတင်ပြခဲ့ကြသည်။ ထို့နောက် ပါတီဗဟိုအလုပ်အမှု ဆောင်က သိထားသင့်သည့်နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးကိစ္စ များကို ထပ်မံရှင်းပြသည်။ ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ယနေ့နိုင်ငံတော်၏ ဖြစ်ပျက်နေသောအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ ထို့ နောက် ရပ်ကွက်ပါတီဝင်များက တစ်ဦးချင်းအတွေ့အကြုံများကို တင်ပြခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(YGN)