အာရှဖလားခြေစစ်ပွဲအောင်ရန် ရာနှုန်းပြည့် ယုံကြည်ဟု မြန်မာအသင်းနည်းပြချုပ်ဆို

သုဝဏ္ဏကွင်း၌ ကျင်းပသည့် အာရှဖလားခြေစစ်ပွဲပထမအကျော့တွင် မြန်မာနှင့် ကာဂျစ္စတန်အသင်း ယှဉ်ပြိုင်နေစဉ်

 

 မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အာရှဖလားခြေ စစ်ပွဲအောင်မြင်ရန် ရာနှုန်းပြည့် ယုံကြည်မှုရှိကြောင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။

မြန်မာအသင်းပါဝင်သည့် ၂၀၁၉ အာရှဖလားတတိယအဆင့် ခြေစစ်ပွဲအုပ်စု(က)တွင် အိန္ဒိယအသင်းက ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး လက်ကျန်ခြေစစ်ပွဲအောင် တစ်နေရာအတွက် ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ခြေစစ်ပွဲလက်ကျန်နှစ်ပွဲ ကျန်ချိန်တွင် ကာဂျစ္စတန်အသင်းက မြန်မာအသင်းထက် ရမှတ် ၂ မှတ် အသာရထားသည်။

မြန်မာအသင်းသည် လက်ကျန်နှစ်ပွဲအဖြစ် ကာဂျစ္စတန်၊ မကာအိုအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရလဒ်ကောင်းမှသာ ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။ ‘‘ကျွန်တော့်အနေနဲ့ မြန်မာ ပြည်သူတွေ မျှော်လင့်နေတဲ့ အာရှဖလားခြေစစ်ပွဲအောင်ဖို့ ရာနှုန်းပြည့်ယုံကြည်ချက် ရှိပါတယ်။ ပြင်ဆင်ချိန် နည်းတယ်ဆိုပေမယ့် အကောင်းဆုံး ပြင်ဆင်ပြီး ပြိုင်ပွဲ ကို အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်မှာပါ’’ ဟု ဂတ်ဖရိုင်းဒရစ်က ပြောသည်။

မြန်မာအသင်း နည်းပြချုပ် သည် ကာဂျစ္စတန်နှင့်ပွဲအတွက် လက်ရွေးစင်အပြီးသတ် ကစားသမား ၂၃ ဦး စာရင်းကို မတ်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး လူငယ်ကစားသမားသစ် လေးဦးပါဝင်လာသည်။

မြန်မာအသင်းသည် မတ်လ ၂၂ ရက်တွင် တောင်ကိုရီးယားနိုင်ငံ၌ ကာဂျစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ယင်းပွဲ မတိုင်မီ တောင်ကိုရီးယား ရာသီဥတုဒဏ်ကို မြန်မာအသင်းကစားသမားများ အသားကျစေရန် ပွဲမတိုင်မီတစ်ပတ်အလို မတ်လ ၁၅ ရက်က   တောင်ကိုရီးယားနိုင်ငံသို့ ကြိုတင်သွားရောက်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကာဂျစ္စတန်နှင့် ပွဲမတိုင်မီ မတ်လ ၁၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံရှိ အသင်းတစ်သင်းနှင့် ခြေစမ်းပွဲကစားရန်  စီစဉ်ထားသည်။ မြန်မာအသင်းသည် ခြေစစ်ပွဲ နောက်ဆုံးပွဲအဖြစ် မကာအိုအသင်းနှင့် မတ်လ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်မည်ဖြစ်သည်။ 

(7days)