အာရှ ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် ၁၆ နိုင်ငံမှ ကစားသမားများ လာရောက်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာရှ ဘိလိယက်နဲ့ စနူကာပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၆ နိုင်ငံက ကစားသမားတွေ လာရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

အခုပြိုင်ပွဲမှာ ၁၇ ကြိမ်မြောက် အာရှ ဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲ အပါအဝင် အသက် ၂၁ နှစ်အောက် စနူကာပြိုင်ပွဲနဲ့ ဒုတိယအကြိမ်မြောက် အမျိုးသမီး စနူကာပြိုင်ပွဲလည်း ပါဝင်မှာ ဖြစ်ပါတယ်။

အာရှ ဘိလိယက်နဲ့ စနူကာပြိုင်ပွဲကို လာမယ့် မတ်လ ၁၈ ရက်ကနေ ၂၄ ရက်အထိ Rose Garden ဟိုတယ်မှာ ကျင်းပမှာပါ။

အခုပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံတွေနဲ့ ချန်ပီယံဟောင်းတွေ အပါအဝင် ကစားသမား ၇၀ ဦးလောက် လာရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ပြိုင်ပွဲအမျိုးအစား အားလုံးမှာ ကစားသမား ၁၆ ဦးနဲ့ ဝင်ပြိုင်မှာဖြစ်ပြီး အောင်မြင်မှုရဖို့ မျှော်လင့်ထားပါတယ်။

(DVB)