Fox Sports က ရွေးချယ်သည့် အကောင်းဆုံးသွင်းဂိုးငါးဂိုးတွင် အောင်သူ့ ဂိုးပါဝင်

တစ်ပတ်အတွင်း အကောင်းဆုံး ၁၁ ဦးစာရင်းတွင်လည်း အောင်သူပါဝင်

 

Fox Sports မီဒီယာက ရွေးချယ်သည့် ထိုင်းလိဂ်-၁ ပြိုင် ပွဲ ပွဲစဉ် (၅)၏ အကောင်းဆုံးသွင်းဂိုး ငါးဂိုးတွင် မြန်မာတိုက်စစ်မှူး အောင်သူ၏ သွင်းဂိုးပါဝင်သည်။

မတ်လ ၁၀ ရက်က ယှဉ်ပြိုင်သည့် Police Tero အသင်းနှင့် ချိုင်းနက်ဟွန်ဘီးအသင်းတို့ပွဲ၌ မြန်မာတိုက်စစ်မှူး အောင်သူ သည် ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းတွင်ပါဝင်ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သည်။

ယင်းပွဲတွင် ပွဲချိန် ၆၉ မိနစ် ၌ အောင်သူသည် လူကျွံအနေအထားမှ ပြေးထွက်ကာ ဂိုးသမားနှင့် တစ်ဦးချင်း အတွေ့တွင် တည်ငြိမ်စွာ ဂိုးသွင်းနိုင်ခဲ့သဖြင့် အကောင်းဆုံးဂိုးတစ်ဂိုးအဖြစ် ရွေးချယ်ခဲ့ကြောင်း Fox Sports က ဖော်ပြထားသည်။

အဆိုပါ သွင်းဂိုးသည် အောင်သူ၏ ထိုင်းလိဂ်-၁ ပြိုင်ပွဲ တွင် ဒုတိယမြောက်သွင်းဂိုးဖြစ်ပြီး Police Tero က ယခုနှစ်ရာသီလိဂ်ပြိုင်ပွဲ ပထမဦးဆုံးနိုင်ပွဲရရှိခဲ့သည်။ အောင်သူသည် ယခုနှစ် ဘောလုံးရာသီတွင် Police Tero အသင်း၏ လိဂ်ပွဲစဉ် ငါးပွဲစလုံးတွင် ပွဲထွက်ခွင့်ရရှိထားပြီး အသင်းအတွက် ခြေစွမ်းပြနိုင်သည့် ကစားသမား တစ်ဦးဖြစ်သည်။

ယင်းအကောင်းဆုံးဂိုး ရွေးချယ်မှုကို ဗြိတိန်အခြေစိုက် Fox Sports မီဒီယာက ပြုလုပ်ပြီး Police Tero အသင်း တိုက်စစ်မှူး အောင်သူ၏ သွင်းဂိုးနှင့်အတူ အသင်းဖော် ဘရာဇီးတိုက်စစ်မှူး ဒေါက်ကလပ်စ်၏ သွင်းဂိုးလည်း ပါဝင်ခဲ့သည်။ ထို့အပြင် ချောင်ဘူရီအသင်းမှ ဂျာမနီကွင်းလယ်လူ နီဘီဟီ၊ ဘူရီယမ်အသင်း တိုက်စစ်မှူး စပိန်လူမျိုး ဖာနန် ဒက်စ်၊ နာဟွန်းရက်ဂျီဆီးမား အသင်းမှ ဘရာဇီးတိုက်စစ်မှူး ပေါ်လိုတို့၏ သွင်းဂိုးများ ပါဝင်ခဲ့သည်။

ထို့အပြင် အောင်သူနှင့် ဒေါက်ကလပ်စ်တို့သည်  Fox Sports က ရွေးချယ်သည့် တစ် ပတ်အတွင်း အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းတွင် လည်းပါဝင်ခဲ့သည်။ အသက် (၂၁) နှစ်အရွယ် အောင်သူကို လန်ဒန် အခြေစိုက် နာမည်ကြီး အားကစား ဝက်ဘ်ဆိုက် Goal.com က ထိုင်းလိဂ်-၁ ပထမပတ်၏ အကောင်းဆုံး လူငယ် ကစားသမား အဖြစ်  ရွေးချယ်ခဲ့ဖူးသည်။  

(7days)