ပြည်ခိုင်ဖြိုးပါတီသို့ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ပြည်သူ ၂၃ဝဝ ခန့် ပါတီသို့ဝင်ရောက်

ရန်ကုန် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်းရှိ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန် မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်ရှိ ကျေးရွာများမှ မြို့နယ်များအထိ ပါတီဝင်အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် ထန်းတပင်မြို့နယ် ဘိုကြီးစုကျေးရွာ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေး အမှာစကားပြောကြားခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်နှင့်ကျေးရွာများမှ ပါတီဝင်သစ်များက ပါတီဝင်အဆိုပြုလွှာများကို သက်ဆိုင်ရာ ကိုယ်စားလှယ်များဖြင့် ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်ပါတီဥက္ကဋ္ဌများ က အသီးသီးလက်ခံရယူခဲ့သည်။

အခမ်းအနားတွင် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးထံသို့ မြောက်ပိုင်း ခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်ယုက ပါတီဝင်သစ်များ၏ ပါတီဝင်နှစ်စဉ်ကြေးများကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့ပြင် မြောက်ပိုင်းခရိုင်အတွင်းရှိ ပါတီဝင်အသစ်အဖြစ် ဝင်ရောက်လာသည့် မြို့နယ်နှင့်ကျေးရွာတို့မှ ပါတီဝင်များ ကိုယ်စား ဦးသောင်း၊ ဦးကျော်မြင့်၊ ဦးဝေလင်း၊ ဒေါ်စန်းစန်းလှ၊ ဦးစိန်သန်း၊ ဦးမင်းဇော်တို့အသီးသီးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်ခဲ့သည့် အကြောင်းအရင်းများကို တင်ပြဆွေးနွေးခဲ့ကြ သည်။
ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ ပါတီအထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီဝင် များနှင့် တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အသီးသီးတို့က ပါတီဝင်သစ်များအား ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးပြီး ကေသရာဇာခြင်္သေ့သီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းမှ ပါတီဝင်အဆိုပြုလွှာပေးအပ် ဝင်ရောက်ခဲ့သူ ၂၃ဝဝ ခန့်ရှိခဲ့ပြီး ပါတီဝင် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့်ပါတီဝင်အင်အား စုစုပေါင်း ၃ဝဝဝ ကျော် တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးခင်ရီ၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါက်တာပွင့်စန်း၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့ တက်ရောက်ခဲ့သည်။
ထို့ပြင် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဒေါက်တာနန္ဒာလှမြင့်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးသာဝင်း၊ ဦးအောင်မြင့်၊ ဦးလှထွန်းဦး၊ ဒေါ်ခင်ရွှေမြင့်၊ ဦးတင်မောင်ဝင်း၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ ပါတီကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။