ချယ်လ်ဆီးနည်းပြကွန်တီ၏ ကိုယ်စားလှယ်နှင့် ပီအက်စ်ဂျီအသင်း တာဝန်ရှိသူများ လာမည့်သီတင်းပတ်တွင် တွေ့ဆုံမည်ဟုဆို

ပီအက်စ်ဂျီအသင်း တာဝန်ရှိသူများသည် ချယ်လ်ဆီး နည်းပြ အန်တိုနီယိုကွန်တီ၏ ကိုယ်စားလှယ်နှင့် လာမည့်သီ တင်းပတ်တွင် တွေ့ဆုံမည်ဖြစ်ကြေင်း ပြင်သစ်သတင်းစာ L’Equipe က ဖော်ပြသည်။

ကွန်တီသည် ချယ်လ်ဆီးနှင့် ၂၀၁၉ အထိ စာချုပ်သက်တမ်းရှိသော်လည်း ယခုနွေရာသီတွင် ထွက်ခွာမည်ဟု မျှော်လင့်ရပြီး ၎င်းက ချယ်လ်ဆီးဘုတ်အဖွဲ့၏ ကစားသမား ပြောင်းရွှေ့မှုမူဝါဒကို ဝေဖန်ကာ အမြော်အမြင်မရှိ ဟု စွပ်စွဲခဲ့သည်။

ယခုရာသီတွင် ပရီးမီးယား လိဂ်ဖလား ကာကွယ်ရေး အခက် ကြုံနေပြီး ပီအက်စ်ဂျီက ကွန်တီ၏ အခြေအနေကို အေစီမီလန်၊ အင်တာမီလန်နှင့် ရီးရဲလ်တို့နှင့်အတူ စောင့်ကြည့်နေကြောင်း Standard Sport သတင်းဌာနက ပြီးခဲ့သည့်လက ဖော်ပြခဲ့သည်။

L’Equipe သတင်းစာက Path to Conte ကွန်တီဆီသို့ လမ်းကြောင်းဟူသော ခေါင်းစဉ်ဖြင့် ပီအက်စ်ဂျီက ၎င်းကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း ဖော်ပြသည်။

အမ်မရီနေရာတွင် အစားထိုးရန် ကွန်တီကို နံပါတ်(၁) ပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း ပြင်သစ် သတင်းစာက ဖော်ပြသည်။ အမ်မရီသည် ပီအက်စ်ဂျီကို ၂ နှစ်ကြာကိုင်တွယ်ခဲ့ ပြီး ယခုနွေရာသီတွင် ထွက်ခွာရန် စီစဉ်နေသည်ဟု ဆိုသည်။

ကွန်တီ၏ အေးဂျင့်ဖက်ဒရီကိုပတ်စ်တိုရယ်လိုသည် အင်္ဂါနေ့တွင် ပါရီမြို့၌ ပီအက်စ်ဂျီတာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဟု ယင်း သတင်းစာက ဖော်ပြသည်။

ပီအက်စ်ဂျီသည် ရီးရဲလ်ကို ရှုံး၍ ချန်ပီယံလိဂ်မှ ထွက်ရသော်လည်း နည်းပြ အမ်မရီအနေဖြင့် ပြင်သစ်နိုင်ငံတွင်း လိဂ်ဖလားသုံးလုံး ရနိုင်နေသေးသည်။

—Ref: Evening Standard