သာကေတပြည်ခိုင်ဖြိုး ရပ်ကွက်ပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ ဗဟိုကော်မတီဝင်တက်ရောက်

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီ ကော်မတီရုံးတွင် ယနေ့မွန်းလွဲ ၃နာရီက ရပ်ကွက်ပါတီကော်မတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတာဝန်ပေးအပ်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်ခရိုင်ကော်မတီဝင်များ၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဖေနှင့် ကော်မတီ ဝင်များနှင့် ရပ်ကွက်ပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

အစီအစဉ်အရ ပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းက အမှာစကားပြောကြားရာတွင် ယခုတာဝန်ပေးအပ်မည့် ရပ်ကွက်ပါတီဥက္ကဋ္ဌများသည် ပါတီ၏ လုပ်ငန်းစဉ်များကို ရှေ့တန်းမှ တာဝန်ယူဆောင်ရွက်ကြမည့် ပါတီ၏စည်းရုံးရေးမှူးများ ဖြစ်သည့် အတွက် မိမိတာဝန်ယူဆောင်ရွက်နေသည့် ရပ်ကွက်၊ဒေသတွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးနယ်ပယ်အသီးသီး၏အခြေအနေမှန်များကို သိရှိအောင်ဆောင်ရွက်ထားရမည်ဖြစ်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့လိုအပ်ကြောင်း၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြမည့်သူများဖြစ်သဖြင့် ပြည်သူကလေးစားကြည်ညိုသူများဖြစ်အောင် မိမိကိုယ်ကို ပျိုးထောင်ကြဖို့လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရပ်ကွက်ပါတီဥက္ကဋ္ဌများအား တာဝန်ပေးအပ်လွှာများကို အရှေ့ပိုင်းခရိုင်ပါတီ ဥက္ကဋ္ဌ ဦးစိန်မြင့်ကပေးအပ်ပြီး ရပ်ကွက်ပါတီဥက္ကဋ္ဌများကိုယ်စား ဒေါ်အေးအေးနုက ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)