ဆီဗီလာနှင့် ပွဲမတိုင်မီ ပေါ့ဂ်ဘာဖျားနေ၍ မော်ရင်ဟို စိုးရိမ်

အက်ဖ်အေဖလား ပဉ္စမအဆင့်တွင် ဟတ်ဒါဖီးလ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲကို လွဲချော်ပြီးနောက် ဆီဗီလာနှင့် ကစားမည့် ချန်ပီယံလိဂ် (၁၆) သင်း အဆင့် ပထမအကျော့ပွဲစဉ် ၌ ကွင်းလယ်လူ ပေါ့ဂ်ဘာပါဝင် နိုင်ခြင်း ရှိ၊ မရှိ အဖြေရှာရန်မန်ယူ နည်းပြ မော်ရင်ဟိုသည် စိုးရိမ် မကင်းစွာ စောင့်ဆိုင်းနေရသည်။

လူကာကူ၏ သွင်းဂိုးများဖြင့် ဟတ်ဒါဖီးလ်ကို အနိုင်ယူကာ အက်ဖ်အေဖလား ကွာတားဖိုင် နယ်သို့ မန်ယူအသင်း တက် ရောက်ခဲ့စဉ် ပေါ့ဂ်ဘာသည် ယင်းပွဲမကစားမီ နံနက်က အသင်းလူ စာရင်းမှ နုတ်ထွက်ခဲ့သည်။

ပေါ့ဂ်ဘာသည် မည်သည့် ဖျားနာမှုမျိုး ခံစားနေရ၊ (သို့မ ဟုတ်) မည်သည့်အချိန် ပြန်ကစား နိုင်စွမ်းရှိမည်ကိုပင် မိမိမသိကြောင်း မော်ရင်ဟိုက အလေးအနက် ပြောကြားသည်။

ဟတ်ဒါဖီးလ်နှင့်ပွဲအပြီးတွင် ပေါ့ဂ်ဘာဖျားနာနေမှုနှင့် ပတ်သက်၍ မေးမြန်းခံရစဉ် ‘‘ကျွန်တော်မသိဘူး’’ ဟု မော်ရင်ဟိုက ဖြေကြားသည်။

‘‘ဒီနေ့မနက်ခင်းမှာ ဆရာဝန်က ပေါ့ဂ်ဘာမလာဘူးလို့ ကျွန်တော့်ကို ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး တခြား ဘာဆိုဘာမှ မသိချင်ပါဘူး။ သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးရမလဲဆိုတာနဲ့ ဘာလုပ်ရမလဲဆိုတာကို စဉ်းစား ရပါမယ်’’ ဟု မော်ရင်ဟိုက ပြောသည်။

ပေါ့ဂ်ဘာ ဘာဖြစ်ခဲ့သလဲ၊ ပွဲကစားရန် မည်သည့်အတွက်ကြောင့် လုံလုံလောက်လောက် ကောင်းမွန်ခြင်း မရှိဟု ခံစားခဲ့ရသလဲဆိုသည်နှင့် မိမိတို့ကို ကူညီရန် ဖေဖော်ဝါရီ ၂၂ ရက်တွင် ကစားနိုင်မည်လားဆိုသည်ကို သိရှိရန် ယခုအချိန်၌ ပေါ့ဂ်ဘာအကြောင်း စဉ်းစားရမည်ဟု မော်ရင်ဟိုက ထပ်လောင်းပြောကြားသည်။

ယေဘုယျအားဖြင့် ကွင်းလယ်ဗဟိုတွင် မာတစ်နှင့်အတူ နှစ်ဦးထားကစားစေသည့် မော်ရင်ဟို၏ ပွဲထုတ်ပုံနှင့် ပတ်သက်၍ လတ်တလောသီတင်းပတ်များအတွင်း ပေါ့ဂ်ဘာ မပျော်မရွှင်ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

—Ref: AFP