ချန်ပီယံခါးပတ်လိုချင်လျှင် ပြိုင်ဘက်က တိုက်စစ်ပိုမိုဖွင့်ကစားရန်လိုကြောင်း တူးတူးပြော

တူးတူးနှင့် ယူကရိန်းလက်ဝှေ့သမား ဆိုရိုကင် ထိုးသတ်နေစဉ် (ဓာတ်ပုံ – WLC)

နေပြည်တော်တွင် ကျင်းပသည့် WLC မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ၌ အနိုင်ရရှိပြီးနောက် ပြိုင်ဘက်အနေဖြင့် ချန်ပီယံခါးပတ် ရယူလိုပါက တိုက်စစ်ပိုမိုဖွင့်ကစားရန် လိုအပ်ကြောင်း တူးတူးက ပွဲအပြီး၌ ပြောကြားသည်။ ၎င်းအနေဖြင့် ချန်ပီယံဆု ကာကွယ်နိုင်ရန် ခံစစ်ဦးစားပေးခဲ့ပြီး ချန်ပီယံခါးပတ်ရယူလိုသော ပြိုင်ဘက်အနေဖြင့် ပိုမိုတိုက်စစ်ဖွင့်ကစားရန်လိုကြောင်း တူးတူးက ပြောသည်။

ဖေဖော်ဝါရီ ၁၇ရက်က နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ-(B)၌ ကျင်းပခဲ့သည့် အဆိုပါချန်ပီယံကာကွယ်ပွဲတွင် ယူကရိန်းကစားသမား ဆိုရိုကင်က တူးတူးထက် အနည်းငယ် အသာစီးရရှိခဲ့သော်လည်း ငါးချီပြည့်သည်အထိ အလဲထိုးနိုင်ခြင်းမရှိသဖြင့် အမှတ်ဖြင့် ဆုံးဖြတ်ရာ တူးတူးက အနိုင်ရရှိကာ ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့သည်။ 

‘‘ကျွန်တော်ကတော့ ကျွန် တော်ရရှိထားတဲ့ ချန်ပီယံခါးပတ် မဆုံးရှုံးအောင် ခံစစ်ကိုပဲ အဓိက ကစားမှာပဲ။ သူ့အနေနဲ့ ကျွန် တော့်ဆီက ချန်ပီယံခါးပတ်ကို လိုချင်တယ်ဆိုရင် ဒီထက်ပိုပြီး တိုက်စစ်ဖွင့်ရမယ်လို့ထင်တယ်။ လက်ရှိ ချန်ပီယံကတော့ ဘယ်တော့မှ တိုက်စစ်ဖွင့်မှာမဟုတ်ဘူး။ တကယ်လို့ ကျွန်တော်သာ ဒီပွဲမှာ တိုက်စစ်ဖွင့် ကစားရင် ကျွန်တော်ခါးပတ်ကို လွှဲပြောင်း ပေးလိုက်ရနိုင်တယ်’’ ဟု တူးတူး က ပြောသည်။ ယင်းပွဲစဉ်ကို မြန်မာ့လက်ဝှေ့ဝါသနာရှင် ပရိသတ်များက ဝေဖန်ခဲ့ပြီးတူးတူး ရှုံးနိမ့်မည်ဟု မျှော်မှန်းထား သော်လည်း ဒိုင်များ၏ အမှတ်ဖြင့်ဆုံးဖြတ်ရာတွင် တူးတူးက အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ပွဲစီစဉ်သူ နှင့် ဒိုင်များကို ပရိသတ်များက ဝေဖန်မှုများ ရှိခဲ့သည်။ 

‘‘တကယ်လို့ ချန်ပီယံခါးပတ် လုပွဲမဟုတ်ဘဲ ရိုးရိုးစိန်ခေါ်ပွဲဆိုရင်တော့ အမှတ်နဲ့ ဆိုရိုကင်ကို အနိုင်ပေးလိုက်လို့ ရပေမယ့် ဒါက ချန်ပီယံခါးပတ် ကာကွယ်ပွဲဖြစ်နေတယ်။ အမှတ်ကလည်း သိပ်ကွာဟမှုမရှိဘူး။ ဆိုရိုကင်က ချန်ပီယံခါးပတ်ကို လိုချင်တယ်ဆိုရင်တော့ ဒီထက်ပိုပြီး တိုက်စစ်ဖွင့်ကစားရမယ်။ ဒုတိယအချီလောက်ထိ ဆိုရိုကင် က တိုက်စစ်မဖွင့်ဘူး။ သူက မွေထိုင်းမှာ ကျင်လည်ခဲ့တဲ့ ကစားသမား တစ်ယောက်ဆိုတော့ မွေထိုင်းလိုပဲ မှတ်နေတာ။ တကယ်တမ်းက ချန်ပီယံကာကွယ်ပွဲဖြစ်နေတဲ့အတွက် ချန်ပီယံကို သိသိသာသာ စိုးမိုးနိုင်မှ ချန်ပီယံခါးပတ်ရမယ့် အနေအထားပါ’’ဟု ယင်းပွဲစဉ်ကို တာဝန်ယူခဲ့သည့် အမည်မဖော်လိုသူ ဒိုင်တစ်ဦးက ပြောသည်။ လက်ရှိချန်ပီယံ တူးတူးသည် ဝေဖန်မှုများနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၈ ရက်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ‘‘ကျွန်တော်ကတော့ ပျော်တယ်ဗျာ။ တကယ်လို့ မကျေနပ်ကြဘူးဆိုရင်လည်း ကျွန်တော်က ဘာမှမလုပ်ပေးနိုင်ဘူး။ နိုင်ငံခြားသားလက်ထဲ ရောက်တာ မြင်ချင်တယ်ဆိုရင်လည်း ဖြစ်စေရမှာပေါ့။ နောက်မှ အဖေခေါ်စရာမရှိရင် ငါ့ကိုတော့ လာမခေါ်နဲ့ပေါ့။ တချို့ တချို့အတွက်ပါ။ အရမ်းစိတ်သဘောထား ဖြူစင်လွန်းတဲ့ မြန်မာတချို့အတွက်’’ဟု  ရေးသားကာ ပြန်လည် တုံ့ပြန်ခဲ့သည်။ သို့သော် တူးတူးသည် အဆိုပါရေးသားမှုနှင့် ပတ်သက်၍ ပရိသတ်ကို စော်ကားသလို ဖြစ်ခဲ့ပါက အနူးအညွတ် တောင်းပန်ကြောင်း ပြန်လည်ရေးသားခဲ့သည်။  (7days)