အီရန် ခရီးသည်တင်လေယာဉ် ပျက်ကျမှုအတွင်း လိုက်ပါခဲ့သူ ၆၆ ဦးစလုံး သေဆုံးသွားပြီဟု ယုံကြည်ရ
ဓာတ်ပုံ – ရိုက်တာ
အီရန်တွင် ပျက်ကျခဲ့သည့် ခရီးသည်တင် လေယာဉ်၌ လိုက်ပါသွားသူ ၆၆ ဦးစလုံး သေဆုံးသွားပြီဟု ယုံကြည်ရကြောင်း သိရှိရသည်။
Aseman လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်သည် ဖေဖော်ဝါရီ ၁၈ ရက်က တောင်ထူထပ်ရာ ဇာဂရော့စ် ဒေသတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် ခရီးသည်နှင့် အမှုထမ်း ၆၆ ဦး လိုက်ပါခဲ့ပြီး အားလုံး၏ ကံကြမ္မာမှာ အဆိုးဆုံး ကြုံသွားနိုင်ကြောင်း လေကြောင်းလိုင်းက ဝန်ခံ အတည်ပြုထားသည်။
လေပြင်းတိုက်ခတ်မှုနှင့် ဆီးနှင်းထူထပ်စွာ ကျဆင်းမှုများကြောင့် လေယာဉ်ပျက်ကျရာ နေရာတွင် ကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ဆောင်ရွက်မည့် အစီအစဉ်ကို ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းက ဆိုင်းငံ့ခဲ့ရသည်။
နောက်တစ်နေ့တွင် ကယ်ဆယ်ရေး အစီအမံများ တကျော့ပြန် အစပြုနိုင်ရန် မျှော်လင့်ထားပြီး လေယာဉ်ပေါ် လိုက်ပါသွားသူများ၏ ဆွေမျိုးသားချင်းများက စိတ်ပူပန် တုန်လှုပ်စွာဖြင့် သတင်းစောင့်မျှော်နေကြသည်။
ATR 72-500 အမျိုးအစား တာဘိုပန်ကာအင်ဂျင် နှစ်လုံးတပ် လေယာဉ်သည် တဟီရန် မြို့တော်မှ အနောက်တောင်ဘက်ရှိ ယာဆုဂ်ျသို့ ဦးတည် ပျံသန်းစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပျက်ကျသည့် နေရာသည် ယာဆုခ်ျနှင့် ၁၄ မိုင်မျှသာ ကွာဝေးသည်။
ပျက်ကျသွားသည့် လေယာဉ်မှာ အသုံးပြုနေသည့်သက်တမ်း ၂၅ နှစ် ရှိပြီဟု အီရန် အရပ်ဘက် လေကြောင်း သယ်ယူပို့ဆောင်ရေးဌာနက ဆိုသည်။
လေယာဉ်ပျက်ကျကြောင်း ကြားသိရသည်နှင့် ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်ခဲ့သော်လည်း ရာသီဥတု ပြင်းထန်လွန်းသဖြင့် ရှာဖွေရေး ကဏ္ဍကို မဖြစ်မနေ ရပ်ဆိုင်းခဲ့ရသည်။
ရဟတ်ယာဉ် ငါးစီးနှင့် ကယ်ဆယ်ရေး အဖွဲ့များသည် အနီးဆုံးမြို့ရွာများတွင် အခြေစိုက်ထားပြီး ရာသီဥတု အခြေအနေ ကောင်းလာသည်နှင့် လုပ်ငန်းစတင်ရန် ပြင်ဆင်ထားသည်။
အီရန်သမ္မတ ဟာဆန် ရူဟာနီက ယခုဖြစ်ရပ်ဆိုးတွင် ထိခိုက် သက်ရောက် ခံစားရသူ အားလုံးအတွက် နက်ရှိုင်းစွာ စာနာဝမ်းနည်းကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
အီရန်တွင် သက်တမ်း ရင့်ရော်နေပြီဖြစ်ပြီး ပြင်ဆင်ထိန်းသိမ်းမှု အားနည်းသည့် လေယာဉ်များကြောင့် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း လေကြောင်း မတော်တဆမှုများ မကြာခဏ ကြုံခဲ့ရသည်။ အီရန် အစိုးရက ယင်းအခြေအနေသည် အမေရိကန်နှင့် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုများကြောင့် လေယာဉ် အစိတ်အပိုင်းများ ဝယ်ယူရန် ခက်ခဲနေခြင်းကြောင့် ကြုံရသည့် ပြဿနာတစ်ခုဟု စွပ်စွဲ ဝေဖန်ထားသည်။
Ref: CNN