ရောမတွင် ဧရာမ မြေကျွံချိုင့်ကြီး ဖြစ်ပေါ်ခဲ့ပြီး မိသားစု ၂၀ ကျော်ကို ပြောင်းရွှေ့ပေးခဲ့

အီတလီနိုင်ငံ၊ ရောမမြို့တော်တွင် ဧရာမ မြေကျွံချိုင့်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သဖြင့် မိသားစု ၂၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၅ ရက်က ရောမရှိ ဘယ်လ်ဒူအီနာ ရပ်ကွက်တွင် အလွန်ကြီးမားပြီး ပေ ၃၀ မျှ နက်ရှိုင်းသည့် ကျင်းချိုင့်ကြီးတစ်ခု ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ နေရာတွင် ရပ်ထားသည့် ကားများပါ ချိုင့်ထဲ ပြုတ်ကျပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

တာဝန်ရှိသူများက မြေကျွံကျရာ နေရာနှင့် အနီးတဝိုက် နေအိမ်များတွင် နေထိုင်သည့် မိသားစု ၂၂ ခု၊ စုစုပေါင်းဦးရေ ၆၀ ဝန်းကျင်ကို ဘေးလွတ်ရာသို့ အလျင်အမြန် ရွှေ့ပြောင်းပေးခဲ့ရသည်။ ယခုဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ဦးမျှ မရှိခဲ့ချေ။

မြေကျွံမှု ဖြစ်ပွားသည့် နေရာအနီးတွင် အကြီးစား ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီးတစ်ခု လအတန်ကြာ ရှိနေခဲ့ပြီး မကြာမီ ရက်ပိုင်းက မြေပြင် ပြုပြင်မှုများ လုပ်ဆောင်နေခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ဘက်မှ လှုပ်ရှားမှုများကြောင့် မြေလွှာ တုန်ခါမှုများကိုပင် ခံစားခဲ့ရကြောင်း ထိုနေရာအနီး နေထိုင်သူများက စွပ်စွဲခဲ့ကြသည်။

မြေကျွံမှု အပြီးတွင် အနီးပတ်ဝန်းကျင်ရှိ လူနေဧရိယာများ၌ အောက်ခံမြေသား၏ ကြံ့ခိုင်မှုကို စစ်ဆေးမှုများ စတင် ပြုလုပ်လျက် ရှိသည်။ ရောမမြို့တော်ဝန် ဗာဂျီနီယာရက်ဂျီက ဖြစ်စဉ်နှင့် ပတ်သက်သော အစီရင်ခံမှုများကို စောင့်ဆိုင်းနေကြောင်း၊ အဓိက တာဝန်ရှိသူများက နစ်နာကြေး တာဝန်ယူ ပေးချေရမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုထားသည်။

Ref: CNN