ကင်မ်ဂျုံအန်း၏ ညီမကို ရည်ရွယ်ချက်ရှိရှိ မသိကျိုးကျွံ ပြုခဲ့ဟု အမေရိကန် ဒုသမ္မတဆို

ဆောင်းရာသီ အိုလံပစ် ဖွင့်ပွဲတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ညီမကို ရည်ရွယ်ချက်ရှိရှိ မသိကျိုးကျွံ ပြုခဲ့ကြောင်း အမေရိကန် ဒုတိယ သမ္မတ မိုက်ခ်ပန့်စ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယား သမ္မတ၏ ဖိတ်ကြားမှုကြောင့် ဖြောင်ချန်း ဆောင်းရာသီ အိုလံပစ်သို့ တက်ရောက်ခဲ့သည့် မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့တွင် ကင်မ်ဂျုံအန်း၏ ညီမအရင်းဖြစ်သူ ကင်မ်ယိုဂျောင်လည်း လိုက်ပါလာသည်။

ဖွင့်ပွဲ၏ ဗီအိုင်ပီ ခုံတန်းတွင် ပန့်စ်နှင့် ကင်မ်ယိုဂျောင်တို့မှာ နီးနီးကပ်ကပ် ရှိနေခဲ့သော်လည်း တစ်ဦးနှင့်တစ်ဦး အခေါ်အပြော မပြုခဲ့သည်ကို သတင်းမီဒီယာများက ဖော်ပြခဲ့သည်။ ကင်မ်ယိုဂျောင်သည် မြောက်ကိုရီးယား အာဏာရ အလုပ်သမား ပါတီ၏ ဝါဒဖြန့်ချိရေးဌာန အကြီးအကဲလည်း ဖြစ်သည်။

ပန့်စ်သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းတို့နှင့် ရင်းနှီးစွာ ပြောဆို စကားပြောခဲ့သော်လည်း မြောက်ကိုရီးယား အစိုးရ ကိုယ်စားလှယ် အဖွဲ့အပေါ် မျက်ကွယ်ပြုထားခြင်းနှင့် ပတ်သက်၍ ၎င်း၏ သဘောထားကို ရှင်းပြခဲ့သည်။

“အာဏာရှင် တစ်ယောက်ရဲ့ ညီမဖြစ်တဲ့အပြင် ဝါဒဖြန့်တဲ့ အပိုင်းမှာ ခေါင်းဆောင်နေတဲ့ သူမျိုးကို အမေရိကန် ပြည်ထောင်စု ကိုယ်စားပြုသူ တစ်ယောက်အနေနဲ့ အရောတဝင် လုပ်နေသင့်တယ်လို့ ကျွန်တော် မယုံကြည်တာကြောင့်ပါ”ဟု ပန့်စ်က ဆိုသည်။

အမေရိကန်သည် သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်တွင် မြောက်ကိုရီးယား အစိုးရနှင့် ဆက်ဆံရေး အတင်းမာဆုံး အဆင့်သို့ ရောက်ရှိလာသည်။ ဆောင်းရာသီ အိုလံပစ်တွင် မြောက်ကိုရီးယားကို ဖိတ်ကြားရန် တောင်ကိုရီးယား၏ ဆုံးဖြတ်ခဲ့မှုအပေါ် အမေရိကန်က မကန့်ကွက်သော်လည်း သံသယ ကြီးကြီးထား၍ စောင့်ကြည့်နေမည်ဟု သတိပေးထားသည်။

Ref: CNN