အမေရိကန် ရှယ်ယာဈေးများ ထိုးကျ

နယူးယောက်၊ ဖေဖော်ဝါရီ ၆

အမေရိကန်တွင် ဝေါစထရိရှယ်ယာဈေးကွက်၌ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်း ရှယ်ယာထုတ်ရောင်းမှုများ သိသိသာသာ အရှိန်မြင့်မားလာခြင်းနှင့်အတူ Dow ရှယ်ယာဈေးက ၁၅၀၀ မှတ်နီးပါးအထိ ထိုးဆင်းသွားသည်။

ပြီးခဲ့သည့်နှစ်က အခွန်လျှော့ချမှုနှင့်အတူ ဖြစ်ပေါ်လာသော စီးပွားရေးအခင်းအကျင်းတစ်ရပ်ဖြစ်သည်။

ဂရင်းနစ်စံတော်ချိန် ၂၀၁၀ နာရီ ၀န်းကျင်တွင် Dow Jones Industrial Average ရှယ်ယာဈေးက ၁၄၈၁ မှတ် သို့မဟုတ်တ ၅ ဒဿမ ၈ ရာခိုင်နှုန်း ကျဆင်းကာ ၂၄၀၄၀ ဒဿမ ၂၉ မှတ် ရှိရာ တစ်နာရီအတွင်း ၁၀၀၀ မှတ်ကျော် အရှုံးပေါ်ခြင်း ဖြစ်သည်။

S&P 500 ရှယ်ယာဈေးက ၄ ဒဿမ ၂ ရာခိုင်နှုန်းဖြင့် ၂၆၄၇ ဒဿမ ၁၈ မှတ် ကျဆင်းပြီး နည်းပညာကုမ္ပဏီများ ရှယ်ယာဖြစ်သော Nasdaq Composite Index ၏ ရှယ်ယာမှာ ၃ ဒဿမ ၆ ရာခိုင်နှုန်းဖြင့် ၆၉၈၀ ဒဿမ ၂၈ မှတ်သို့ ကျဆင်းသည်။

အမေရိကန်၏ စီးပွားရေးအားကောင်းကြောင်း အချက်အလက်များ ပြပြီးနောက် ဗဟိုဘဏ် အတိုးနှုန်း ထပ်တိုးလာနိုင်ခြေအားဖြင့် ရင်းနှီးမြုပ်နှံသူများအတွက် အကျပ်အတည်းဆိုက်မည့် စိုးရိမ်ပူပန်မှုများကြောင့် ပြီးခဲ့သည့်သီတင်းပတ်ကစကာ အမေရိကန်ရှယ်ယာဈေးကွက်က ဖိစီးမှုအောက် ရှိနေခဲ့သည်။

အမေရိကန်ရှယ်ယာဈေးသည် သမ္မတ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲကာလက အခွန်လျှော့ချမည် မျှော်လင့်ချက်များဖြင့် စံချိန်တင်မြင့်တက်နေခဲ့ပြီး ထရမ့် သမ္မတအဖြစ် ရွေးကောက်ပွဲအနိုင်ရပြီးနောက် ၂၃ ဒဿမ ၈ ရာခိုင်နှုန်း အထက် မြင့်တက်နေခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဖေဖော်ဝါရီ ၅ ရက်က ရှယ်ယာဈေးကျနေစဉ် အိမ်ဖြူတော်က အမေရိကန်၏ စီးပွားရေး အခြေခံမူဘောင်သည် အားကောင်းလျက်ရှိကြောင်း ပြောထားချိန်လည်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် စတုတ္တ သုံးလပတ်တွင် စီးပွားရေးဖွံ့ဖြိုးမှု ၂ ဒဿမ ၆ ရာခိုင်နှုန်းရှိပြီး အလုပ်လက်မဲ့နှုန်းက ၁၇ နှစ်တာအတွင်း အနိမ့်ဆုံးအဖြစ် ၄ ဒဿမ ၁ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

-Ref; AP