ထောက်ကြန့်တွင် Suzuki Carry ယာဉ်မောင်းအား အုပ်စုဖွဲ့ ထိုးကြိတ်သူ လူငယ် ၅ ဦးအား ဖမ်းမိ

ဓာတ်ပုံ- Yangon Police

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တွင်  Suzuki Carry ယာဉ်မောင်းအား အုပ်စုဖွဲ့ဝိုင်းဝန်းထိုးကြိတ်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ယနေ့ ဖေဖော်ဝါရီလ ၅ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။ 

ယာဉ်မောင်းအား လမ်းလည်ကောင်တွင် ထိုးကြိတ်ခဲ့သူ လူငယ် ၅ ဦးအား လိုင်စင်မဲ့ ဆိုင်ကယ် ၃ စီးနှင့်အတူ လှော်ကားလမ်းခွဲတွင် ညနေ ၆ နာရီခွဲခန့်က ဖမ်းဆီးရမိခြင်းဖြစ်သည်။ 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ ရက်နေ့ နေ့လည် ၁၂နာရီခွဲအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ မြောက်ပိုင်း ရပ်ကွက်နေ ဦး——သည် ဇနီးဖြစ်သူနှင့် အတူ ၎င်းပိုင်သည် 9G/—— Suzuki Carry အဖြူရောင်ယာဉ်အား ကုန်ပစ္စည်းများတင်ဆောင်၍ သိမ်ကြီးဈေးမှ ဈေးဝယ်ပြီးပြန်လာရာ ထောက်ကြန့်၊ စစ်သင်္ချိုင်းရှေ့အရောက်တွင် ကားလမ်းများပိတ်၍ ကားအားရပ်နေစဉ် ၎င်းကားအနီး ဆိုင်ကယ်(၃)စီးမှာလည်း ရပ်စောင့်နေသည် ကို တွေ့ခဲ့ရကြောင်း ၊ ထိုအချိန်ကားတစ်စီးမှ ကျော်တက်သွားသဖြင့် ၎င်းလည်းကားအား မောင်းနှင်ပြီး ဘရိတ် အုတ်လိုက်စဉ် ဆိုင်ကယ်သမားမှလည်း မောင်းရန်ပြင်ပြီးမှ ဘရိတ်အုပ်သဖြင့် လန့်သွားပြီး ဆိုင်ကယ်သမားများက ဆဲဆိုခဲ့သည်ဟု သိရသည်။ 

ကားအား ဆက်မောင်းသွားရာ ထောက်ကြန့်လမ်းဆုံအနီးအရောက် ဆိုင်ကယ်(၃)စီးအနက်မှ တစ်စီးသည် ကားအရှေ့သို့ ကန့်လန့်ဖြတ်ပိတ်ပြီး ဆိုင်ကယ်(၃)စီးပေါ်မှ  အမျိုးသား ၅ ဦးတို့က ဆိုင်ကယ်ပေါ်မှ ဆင်းကာ ဦး—–အား ၀ိုင်းဝန်းထိုးကြိတ် ဆဲဆိုရိုက်နှက်ခဲ့သည်ဟု သိရသည်။ 

ယာဉ်မောင်း ဦး—–တွင် ဖူးရောင်ဒဏ်ရာများရရှိခဲ့ကာ ကားရှေ့လေကာမှန်နှင့် ယာဘက်နောက်ကြည့်မှန်တို့အား ရိုက်ခွဲခဲ့သဖြင့် ထောက်ကြန့် နယ်မြေ ရဲစခန်း (ပ) ၁၀၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၄၀/၃၂၃/၂၉၄/၁၁၄ ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ခဲ့သည်။ 

မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာနေ မင်းထက်အောင် ငှားရမ်းနေထိုင်ရာ နေအိမ်မှဆိုင်ကယ်(၃)စီးဖြင့် မှော်ဘီ မြို့နယ်ဘက်မှ ထောက်ကြန့်မြို့ဘက်သို့ ထွက်ခွာလာကြောင်း ရဲတပ်ဖွဲ့ဝင်များက သတင်းရရှိခဲ့ပြီး လှော်ကား လမ်းခွဲတွင် ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ  ၆ နာရီ ၃၀ အချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ဖမ်းမိသူ ၅ ဦးမှာ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်နေ အောင်မြင့်သူ (၃၀)နှစ်၊ ညိုမောင်(၂၄)နှစ်၊ မှော်ဘီမြို့နယ်နေ နိုင်လင်း(၁၉)နှစ်၊  သက်ပိုင်ဦး(၁၉)နှစ်နှင့် မင်းထက်အောင် (၂၅)နှစ်တို့အား ၎င်းတို့စီးနင်းသည့် ဆိုင်ကယ်(၃) စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။ 

ဆိုင်ကယ် ၃ စီးမှာလည်း လိုင်စင်မဲ့ ဆိုင်ကယ်များဖြစ်သောကြောင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မဖြင့်လည်း ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။  

(Mizzima)