အမေရိကန်ထုတ်ပြန်သည့် နျူကလီးယားလက်နက် သုံးသပ်ချက် တရုတ် ကန့်ကွက်

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နျူကလီးယားလက်နက် သဘောထား သုံးသပ်ချက်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

အဲဒီသုံးသပ်ချက်ဟာ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နောက်ကွယ်က ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ ရဲရဲတင်းတင်း ခန့်မှန်းပြောကြားထားပြီး တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက်  အင်အားအပေါ် ခြိမ်းခြောက်တဲ့သဘော ဆောင်တယ်လို့ တရုတ်စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ် Ren Guoqiang က ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ကိုင်စွဲသွားမှာဖြစ်ပြီး တရုတ်ရဲ့ ကာကွယ်ရေး ပေါ်လစီဟာလည်း မိမိနိုင်ငံကို ကာကွယ်ဖို့အတွက်သာ ဖြစ်တယ်လို့ Ren က ထပ်လောင်းပြောကြားခဲ့ပါတယ်။

စာမျက်နှာ ၇၄ မျက်နှာပါဝင်တဲ့ အမေရိကန်စစ်ဘက် အစီရင်ခံစာမှာ တရုတ်နိုင်ငံကို “အာရှရှိ အမေရိကန် အကျိုးစီးပွားတွေကို အဓိကခြိမ်းခြောက်သူ” အဖြစ် ဖော်ပြထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

(DVB)