ဘိုကလေးပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌခန့်အပ်တာဝန်ပေးအပ်ပွဲနှင့်မြို့နယ်ပါတီဝင်ကတ်များပေးအပ်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးအပ်ပွဲနှင့် မြို့နယ်ပါတီဝင်ကတ်များ ပေးအပ်ပွဲအခမ်းအနားကို      ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးရုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစောအောင်ချစ်ဆွေ၊ ခရိုင်ပါတီနယ်မြေတာဝန်ခံ ဒေါ်ခင်ထားရီ၊ မြို့နယ် ပါတီဥက္ကဋ္ဌ   ဦးမြသိန်း၊ အတွင်းရေးမှူးဦးလှဌေး နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ ၈၆အုပ်စုရှိ ပါတီကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုစုပေါင်း ၁၆၃ ဦးတက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆို၍ နိုင်ငံတော်အလံအားအလေးပြုကာ အခမ်းအနား ဖွင့်လှစ်ပြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်က ပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားအကျိုးစီးပွားအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိရမည်ဖြစ်ပြီး မိမိတို့ဒေသဖွံ့ဖြိုးတိုး တက်ရေးများကိုဦးထိပ်ထားဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊တိုင်းပါတီကော်မတီဝင်ဒေါ်စိုးစိုးရီက ပါတီအောင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ကြရန်နှင့်ပါတီအမျိုးသမီးရေးရာကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြသိန်းကပါတီရှေ့လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေးအမြင်များကိုရှင်းလင်းပြောကြားခဲ့ပြီး ပါတီဥက္ကဋ္ဌတာဝန်ခန့်အပ်လွှာများပေးအပ်ခဲ့ ရာ ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီ ဥက္ကဋ္ဌများက အသီးသီးလက်ခံရယူခဲ့သည်။
ဆက်လက်၍ (၉)ရပ်ကွက်နှင့် စက်ဆန်း ကျေးရွာပါတီဝင်အသစ် ၁ဝ၅ ဦးအတွက် မြို့နယ်ပါတီဝင်ကတ်များကို မြို့နယ်ပါတီ ဥက္ကဋ္ဌကပေးအပ်၍ သက်ဆိုင်ရာ ရပ်/ကျေး ပါတီဥက္ကဋ္ဌများကလက်ခံရယူခဲ့ကြပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် အခမ်းအနားအောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

မေလေး(ဘိုကလေး)