ရုရှား၌ လေယာဉ်တစ်စီးပေါ် မီးလောင်မှုကြောင့် ခရီးသည်များကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရ

ရုရှား၌ ခရီးသည်တင် လေယာဉ်တစ်စီးတွင် မီးလောင်မှုကြောင့် ခရီးသည်များကို အရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ရကြောင်း သိရှိရသည်။

ဇန်နဝါရီ ၃၁ ရက်က ဖြစ်စဉ်တွင် Aeroflot လေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် SU1183 လေယာဉ်ပေါ်၌ မတော်တဆ မီးလောင်ခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်ရှိ ဖုန်းဓာတ်အားသွင်းသော နေရာမှ မီးစလောင်ပြီး မီးခိုးလုံးများ အူထွက်နေပုံကို ခရီးသည် အချို့က ဖုန်းဖြင့် ဗီဒီယို မှတ်တမ်းတင်ထားခဲ့သည်။

ရုရှားမီဒီယာများက မော်စကိုမှ ဗိုလ်ဂိုဂရက်ဒ်သို့ ပျံသန်းလာသည့်လေယာဉ် လေဆိပ်တွင် ဆင်းသက်ပြီး ချက်ချင်းလိုလို၌ Economic Class ခရီးသည်များ စီးနင်းလိုက်ပါရာ နေရာ၌ မီးလောင်ခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ ဗိုလ်ဂိုဂရက်ဒ် နိုင်ငံတကာ လေဆိပ်တွင် ဖြစ်ပွားသော မတော်တဆမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းနေဆဲ ဖြစ်သည်။

ခရီးသည်များ စီးနင်းလိုက်ပါလာသော နေရာတွင် မီးလောင်ခဲ့ပြီးနောက် လေဆိပ်နှင့် လေကြောင်းလိုင်း တာဝန် ရှိသူများက ခရီးသည်များကို ဘေးအန္တရာယ် ကင်းရှင်းစွာ ရွှေ့ပြောင်းနိုင်စေရန် ကူညီစီစဉ်ပေးခဲ့ရသည်။

Airbus A320 အမျိုးအစား လေယာဉ်ပေါ်တွင် လိုက်ပါလာသူ တစ်ဦးမျှ မီးလောင်မှုကြောင့်ရော၊ အရေးပေါ် ရွှေ့ပြောင်းမှုကြောင့်ပါ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဟုလည်း ဆိုသည်။

လတ်တလောတွင် လေကြောင်းလိုင်းမှ ကျွမ်းကျင်သူများနှင့် လေကြောင်းလုံခြုံရေး စီမံခန့်ခွဲမှုဌာန အရာရှိများ ပူးပေါင်းကာ မီးလောင်မှု စတင်ရသည့် ဖြစ်စဉ်ကို ခြေရာခံ စုံစမ်းနေကြောင်း သိရသည်။

Ref: Global News