ဒေးဗစ်ဘက်ခမ်း မီယာမီဘောလုံးအသင်း တည်ထောင်

မန်ယူ ဂန္ထဝင်ကစားသမား ဒေးဗစ်ဘက်ခမ်း၏ အပတ်တကုတ်ကြိုးပမ်း အားထုတ်မှုနှင့်အတူ အမေရိကန် မေဂျာလိဂ် ဘောလုံးပြိုင်ပွဲ (MLS) ကို မီယာမီတွင် တစ်ဖန်ပြန်လည် မြင်ရမည်ဖြစ်သည်။

ဒေးဗစ်ဘက်ခမ်းနှင့် မိတ်ဖက်များသည် မီယာမီဘောလုံးအသင်းကို တရားဝင်တည် ထောင်ပြီးဖြစ်ကာ ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် MLS ဘောလုံးပြိုင်ပွဲ မဟာမင်းကြီး ဒွန်ဂါဘာက တက်ရောက်အတည်ပြုမည် ဖြစ်သည်။

ယနေ့ထုတ်လွှင့်ခဲ့သော Good Morning America အစီအစဉ်တွင်လည်း မီယာမီအသင်း ပိုင်ရှင်အဖြစ်နှင့် တရားဝင်တိုးချဲ့မှု အကြောင်းကို  ဒေးဗစ်ဘက်ခမ်းက အတည်ပြုပြောကြားခဲ့သည်။

ယင်းမှာ ဘက်ခမ်းက  ကြာရှည်စွာ စောင့်ဆိုင်းခဲ့သော နေ့ရက်ဖြစ်သည်။ မီယာမီသို့ MLS ဘောလုံးပြိုင်ပွဲ ဆောင်ကြဉ်းပေးရေး အိပ်မက်သည် ၂၀၁၃ က စတင်ခဲ့ပြီး ဘောလုံးကွင်း တည်ဆောက်ရေး အစီအစဉ် ညှိနှိုင်းမှု စတင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

မြို့တွင်း၌ ဘောလုံးကွင်း တစ်ခု မရှိပါက ကလပ်အသင်းကို ခွင့်ပြုမည်မဟုတ်ဟု ၂၀၁၄ တွင် မဟာမင်းကြီး ဒွန်ဘာဂါက ပြောကြားခဲ့သည်။

သို့သော် ယမန်နှစ်ဇွန်လ က OVertown ရပ်ကွက်တွင် မြေသုံးဧကကို ကန်ဒေါ်လာ ကိုးသန်းဖြင့် ဝယ်ယူပြီးနောက် အသင်းပိုင်ဆိုင်မှု၌လည်း  မိတ်ဖက်များ ထပ်မံထည့်သွင်းခဲ့သည်။

မီယာမီတွင် ဘောလုံးနှင့်  ပတ်သက်၍ ကြီးမားသော ကြေညာချက်တစ်ခုရှိမည်ဟု MLS က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကြေညာခဲ့ပြီး Adrienne Arsht Center တွင် မီယာမီ၌ အသင်း တည်ထောင်ကြောင်း တရားဝင် အတည်ပြုကြေညာခြင်းနှင့်အတူ ဘက်ခမ်း၏ အိပ်မက်လည်း အမှန်တကယ် အကောင်အထည် ပေါ်လာတော့မည်ဖြစ်သည်။

၎င်းအနေဖြင့် မီယာမီတွင် အနေများမည်ဖြစ်သော်လည်း သားသမီးလေးဦးနှင့် မိသားစုသည် လန်ဒန်၌ ဆက်လက် ရှိနေမည်ဟု ဘက်ခမ်းက ပြောကြားသည်။

—Ref: BBC