ဆီးဂိမ်းရွှေတံဆိပ်ရှင် ဝူရှူးမယ် မြတ်သက်စုဝေဖြိုး ဒဏ်ရာကြောင့် ကစားသမားဘဝ အနားယူ

ဓာတ်ပုံ − Myat ThetHsu Wai Phyo FB

 

 ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးခဲ့သည့် မြန်မာဝူရှူးမယ် မြတ်သက်စုဝေဖြိုးသည် ဒဏ်ရာကြောင့် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်သည်။

ဒူးဒဏ်ရာနှင့် ခြေချင်းဝတ် ဒဏ်ရာများ ရရှိနေ၍ ကစားသမားဘဝမှ အနားယူခြင်းဖြစ်ကြောင်း အသက် (၂၄)နှစ် အရွယ် မြတ်သက်စုဝေဖြိုးက ပြောသည်။

‘‘ဆီးဂိမ်းတုန်းက နာနေရင်းနဲ့ ကစားခဲ့တာ။ ဒဏ်ရာဟောင်း ပြန်ဖြစ်တာပါပဲ။ ဆေးကုလိုက်၊ ပြန်ကောင်းလိုက်နဲ့ပဲ ကစားခဲ့တာ။ ကြာတော့ ဒူးနဲ့ခြေချင်းဝတ်က ဒဏ်ရာတွေက ဒဏ်ဖြစ်ပြီး မပျောက်တော့ဘူး။ ဝူရှူး အားကစားနည်းက  လေထဲက ခုန်ပြီး ကစားရတာဖြစ်တော့ ခန္ဓာကိုယ်တစ်ခုလုံးကို ဒူးတွေက ထိန်းပေးရတာပါ။ တော်ရုံပျောက်ဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့် အနားယူဖို့ ဆုံးဖြတ်ဖြစ်တာပါ’’ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြတ်သက်စုဝေဖြိုးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ အားကစားမှူးအဖြစ် တာဝန် ထမ်းဆောင်နေသည်။ ဝူရှူးအားကစားသမားဘဝမှ အနားယူသော်လည်း နည်းပြအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၈ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဝင် မြန်မာဝူရှူး အားကစားအဖွဲ့၌ နည်းပြအဖြစ် စတင် တာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း မြတ်သက်ဆုဝေဖြိုး က ပြောသည်။

၂၀၁၈ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို လာမည့် ဒီဇင်ဘာတွင် နေပြည်တော်၌ လက်ခံကျင်းပမည် ဖြစ်သည်။ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဝင် မြန်မာဝူရှူးအားကစား အဖွဲ့သည် ဖေဖော်ဝါရီ ၁ ရက် တွင်  စတင်လေ့ကျင့်မည်ဖြစ်သည်။

မြတ်သက်စုဝေဖြိုးသည် ဆီးဂိမ်းဝူရှူးပြိုင်ပွဲတွင် ၂၀၁၅ နှင့် ၂၀၁၇ ၌ ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးခဲ့ပြီး အခြားနိုင်ငံတကာ ပြိုင်ပွဲများတွင် ရွှေနှစ်ခု၊ ငွေငါးခုနှင့် ကြေး လေးခု ရရှိထားသည်။   (7days)