အာရှ ယူ-၂၃ ပြိုင်ပွဲတွင် ဗီယက်နမ်ကို နိုင်ပြီး ဥဇဘက်ကစ္စတန်အသင်း ဗိုလ်စွဲ

the-afc.com

 

ချန်ဇူး− တရုတ်နိုင်ငံတွင် ကျင်းပသော အာရှယူ-၂၃ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ၌ ဥဇဘက်ကစ္စတန်က ဗီယက်နမ်ကို အချိန်ပို နောက်ဆုံးမိနစ် သွင်းဂိုးနှင့်အတူ  ၂-၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ချန်ဇူးမြို့၌ နှင်းများကျဆင်းနေကာ ဘောလုံးကစားရန် အလွန်ခက်ခဲသော အခြေအနေ၌ ဥဇဘက်တိုက်စစ်မှူး စီဒိုရော့ဗ်က ၁၁၈ မိနစ်တွင် လူစားဝင်လာပြီး နှစ်မိနစ်အကြာ ထောင့်ကန်ဘောမှရရှိသော ဘောလုံးကို အနိုင်ဂိုး အဖြစ် ပြောင်းလဲခဲ့သည်။

အာရှူမာတော့က ပွဲချိန် ၈ မိနစ်တွင် ဥဇဘက်ကစ္စတန်အတွက် အဖွင့်ဂိုးရယူခဲ့သော်လည်း  ငုရင်ကွမ်ဟိုင်းက ပထမပိုင်းမပြီးမီ ချေပဂိုး သွင်းယူခဲ့သည်။

ပထမပိုင်းအပြီး ကွင်းအတွင်းရှိ နှင်းများကို ဖယ်ရှားရန် မိနစ် ၅၀ ရပ်နားပြီးနောက် ဒုတိယပိုင်း ပြန်လည်ကစားကာ ပင်နယ်တီ ကန်ရမည့် အခြေအနေသို့ ဦးတည်နေစဉ် ဥဇဘက်ကစ္စတန်က အနိုင်ဂိုးရရှိပြီး ဗီယက်နမ်က ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

ကာတာက တောင်ကိုရီးယားကို ၁-၀ ဂိုးဖြင့် နိုင်ပြီး တတိယနေရာရရှိခဲ့သည်။

 —Ref: AP