အမေရိကန် မဟာမိတ် ကာ့ဒ်ပြောက်ကျားများကို တိုက်ခိုက်ရန် တူရကီ ခြေလျင်တပ်များ ဆီးရီးယားသို့ စဝင်

အမေရိကန်၏ မဟာမိတ် ကာ့ဒ်မျိုးနွယ် ပြောက်ကျားတပ်ဖွဲ့များကို တိုက်ခိုက်ရန်အတွက် တူရကီ ခြေလျင်တပ်များ ဆီးရီးယားသို့ စတင် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

တူရကီ တောင်ပိုင်း နယ်နိမိတ်နှင့် ထိစပ်နေသော ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ YPG ကာ့ဒ်မျိုးနွယ် ပြောက်ကျားတပ်များကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း တူရကီက စတင် တိုက်ခိုက်လာခဲ့သည်။ ကနဦး အဆင့်တွင် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သလို YPG၏ စစ်ဘက် အခြေစိုက် စခန်းနေရာများကို လေကြောင်းမှပါ ဗုံးကြဲခဲ့သည်။

ဇန်နဝါရီ ၂၁ ရက်တွင်မူ တူရကီ ခြေလျင်တပ်များသည် နယ်စပ်ကို ဖြတ်ကျော်ကာ ဆီးရီးယားပိုင် အာဖရင် ဒေသသို့ စတင် ဝင်ရောက်ခဲ့သည်။ တူရကီက အဆိုပါ စစ်ဆင်ရေး လှုပ်ရှားမှုသည် ကာ့ဒ်မျိုးနွယ် လက်နက်ကိုင်များကို နယ်စပ်မှ ရှင်းထုတ်ရန်ဖြစ်ကြောင်း ကြေညာထားသည်။ တူရကီ အစိုးရက ကာ့ဒ်ပြောက်ကျားများကို အကြမ်းဖက် အုပ်စုဝင်များအဖြစ် သတ်မှတ်ထားသည်။

ယခုလုပ်ရပ်သည် အမေရိကန်နှင့် တူရကီတို့ကြား ဆက်ဆံရေးကိုလည်း ပိုမို အေးစက်လာစေဖွယ် ရှိနေသည်။ YPGတို့သည် ဆီးရီးယားရှိ အိုင်အက်စ် စစ်သွေးကြွများကို ချေမှုန်းသည့် စစ်ဆင်ရေး၌ အမေရိကန်၏ အရေးအပါဆုံး မဟာမိတ် အင်အားစု တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။

YPGက တူရကီ၏ စစ်ပြုမှု ခံနေရကြောင်း အတည်ပြုခဲ့ပြီး အာဖရင် အနီးတဝိုက်တွင် တူရကီ ခြေလျင်တပ်များကို တွန်းလှန် တိုက်ခိုက်နေကြောင်း ကြေညာသည်။ ထို့အပြင် တူရကီဖက်သို့လည်း ဒုံးကျည်များဖြင့် တုံ့ပြန် ပစ်ခတ်နေကြောင်း YPG စစ်ဦးစီးများက ပြောကြားခဲ့သည်။

တူရကီ သမ္မတ ရီဆပ်တေယစ်ပ် အာဒိုဂန်က YPGကို လျင်မြန်စွာ ချေမှုန်းသွားရန် သံန္နိဋ္ဌာန် ချထားကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ကမူ ဒေသတွင်း ပဋိပက္ခကို တိုက်ရိုက် ဝင်ရောက်ပါဝင်မှု မရှိသော်လည်း တူရကီ တပ်များ အနေဖြင့် စစ်ဆင်ရေးအတွင်း အရပ်သားများ ထိခိုက်မှု မရှိစေရေး ထိန်းထိန်းသိမ်းသိမ်း စီမံကိုင်တွယ်ရန် တောင်းဆိုထားသည်။ 

ယင်းဒေသတွင် လှုပ်ရှားနေသည့် ရုရှားတပ်များမှာမူ ပဋိပက္ခဇုန်နှင့် ဝေးရာသို့ တိမ်းရှောင်လျက်ရှိပြီး တူရကီ အစိုးရကို လိုလားသည့် ဆီးရီးယား သူပုန်တပ်ဖွဲ့ အချို့မှာမူ အာဖရင်သို့ အပြင်း ချီတက်သွားကြောင်း သိရသည်။ တူရကီက YPGသည် မတရားအသင်း ကြေညာထားသည့် ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သည့် PKKနှင့် ဆက်စပ်နေသည်ဟု စွပ်စွဲထားသည်။

တူရကီ အစိုးရသည် အာဖရင်အပြင် မိုင် ၆၀ မျှ အကွာတွင် တည်ရှိသည့် မန်းဘစ်ဂ်ျမြို့၌ ခြေကုပ်ယူထားသည့် ကာ့ဒ်ပြောက်ကျားတပ်များကို ရှင်းလင်းပစ်မည်ဟု လပေါင်းများစွာ ခြိမ်းခြောက် ကြေညာနေခဲ့ပြိး ယခုအခါ စစ်ဆင်ရေးများ လက်တွေ့ စတင်လာခြင်း ဖြစ်သည်။ 

Ref: CNN