အာရှအဆင့် ထိပ်တန်းစက်ဘီးစီး ပြိုင်ပွဲကို မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပမည်

ရန်ကုန် ဇန်နဝါရီ ၁၈

အာရှအဆင့် တာဝေးစက်ဘီးစီးပြိုင်ပွဲနှင့် မသန်စွမ်းသူများ စက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၆ ရက် မှ ၁၂ ရက်အထိ မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲနှင့် ပတ် သက်၍ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့တွင် ရန်ကုန်မြို့ Melia ဟိုတယ်၌ ကျင်းပသည်။ ” ဒီလိုဒေသတွင်း အဆင့်မြင့် ပြိုင်ပွဲတွေကို ကျွန်တော်တို့နိုင်ငံမှာ ဒါပထမဆုံးအဖြစ် လက်ခံကျင်းပတာဖြစ်ပါတယ်။

ဒီပြိုင်ပွဲက တစ်ဆင့် ကျွန်တော်တို့နိုင်ငံအတွင်း စက်ဘီးစီးအားကစားအပေါ် စိတ်ဝင်စားမှု ပိုမိုတိုးပွားလာပြီး ထောက်ခံမှု အခိုင်အမာရရှိမယ်လို့ ယုံကြည်ပါတယ်”ဟု မြန်မာနိုင်ငံ စက်ဘီးစီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်ေ မာင်ဝင်းက ပြော သည်။

ယင်းပြိုင်ပွဲကို နေပြည်တော်၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် ကုန်ကျစရိတ်အဖြစ် ငွေကျပ်သိန်း ၃ဝဝဝ ခန့်အသုံးပြုမည်ဖြစ်သည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ကစားသမား ၄ဝဝ နီးပါး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဟောင်ကောင်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ကစားသမားအများဆုံး ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ပြီး ပြိုင်ပွဲသည် နိုင်ငံတကာ စက်ဘီးအဖွဲ့ချုပ် (UCI) လက်အောက်ရှိ စက်ဘီးအားကစား ပြက္ခဒိန် အတိုင်း ကျင်းပမည့်ပြိုင်ပွဲ ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီး အငယ်တန်းပြိုင်ပွဲ၊ အမျိုးသား အငယ်တန်း ပြိုင်ပွဲ၊ အသက် ၂၃ နှစ်အောက် အမျိုးသားပြိုင်ပွဲ၊ အမျိုးသားလက်ရွေးစင်တန်း ပြိုင်ပွဲနှင့် မသန်စွမ်းပြိုင်ပွဲဟူ၍ ပြိုင်ပွဲငါးမျိုးကို ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ လက်ရှိတွင် နေပြည်တော်၌ အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီးခုနစ်ဦးတို့ဖြင့် လေ့ကျင့်လျက် ရှိကြောင်း သိရသည်။ 

(မြ၀တီ)